News

POST TYPE

NEWS

နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့် မျှတမှုမရှိသဖြင့် သမ္မတထံတင်ပြ
25-Apr-2019
ရန်ကုန်၊ ဧပြီ ၂၄

သမ္မတ၏နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျခံရသူများအတွက် မျှတမှုမရှိသဖြင့် မုပ္ပလင်အကျဉ်းထောင်မှ အကျဉ်းသား ၄၀၀ ခန့်၏ တင်ပြချက်ကို သမ္မတထံ ဆက်လက် တင်ပြထားကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။

ဧပြီ ၁၇ ရက်က လွှတ်ပေးခဲ့သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သည့်အတွက် အကျဉ်းထောင် ၃ ခုတွင် ထောင်ဆူပူမှုများဖြစ်ပွားခဲ့ရာမှ အခုကဲ့သို့ သမ္မတထံ တင်ပြခြင်းဖြစ်ကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူတွေကိုလွှတ်ပြီး၊ လက်ဝယ်မတွေ့ရသူတွေကို မလွှတ်ပေးတော့ ဒါတွေကို ပြန်စဉ်းစားပေးဖို့ သမ္မတဆီတင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။

“မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ (၁၆) အရ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး၊ ပုဒ်မ (၂၁) (ဂ) အရ မူးယစ်ဆေးဝါးလက် ဝယ်မတွေ့ရှိသူများမှာ လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သောကြောင့် မျှတမှုမရှိဟု မုပ္ပလင်အကျဉ်းစခန်းမှ အကျဉ်းသားများက တင်ပြခဲ့သည်”ဟု ဦးယုလွင်အောင်က ဆက်လက်ပြောသည်။

မုပ္ပလင်အကျဉ်းထောင်တွင် ထောင်သား ၄၀၀ ရှိပြီး၊ အဆောင် ၆ ဆောင်တွင် နေရာ ၆ နေရာခွဲ၍ တွေ့ဆုံမေးမြန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်အပေါ် မျှတမှုမရှိဟုဆိုကာ စစ်တွေအကျဉ်းထောင်တွင် ဧပြီ ၂၀ ရက်က ထောင်ဆူပူမှုဖြစ်ပွားခဲ့၍ သေနတ်အချက် ၂၀ ခန့် ပစ်ဖောက်၍ ထိန်းသိမ်းခဲ့ရကာ ရွှေဘိုနှင့် မုပ္ပလင်အကျဉ်းစခန်းနှစ်ခုတွင်လည်း အကျဉ်းသားများက လုပ်ငန်းခွင်မဝင်တော့ဘဲ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနှင့် ဧပြီ ၂၄ ရက်တွင် လားရှိုးအကျဉ်းထောင်ကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအနက် နိုင်ငံသားအကျဉ်းသား။သူ ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးတို့အား ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ 

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ကျန်အကျဉ်းသူ အကျဉ်းသားများထဲမှ လွှတ်သင့် လွှတ်ထိုက်သူများကို စနစ်တကျ စိစစ်လျက်ရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

J-18



  • VIA