News

POST TYPE

NEWS

လူမှုကွန်ရက်မီဒီယာတွင် အစွန်းရောက်ဝါဒကို ကိုင်တွယ်ရန် နယူးဇီလန်နှင့်ပြင်သစ် စီစဉ်
25-Apr-2019



ဝယ်လင်တန်၊ ဧပြီ ၂၄

အကြမ်းဖက်အစွန်းရောက်ဝါဒကို လှုံ့ဆော်ရန်အတွက် လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများကို ရပ်ဆိုင်းသွားစေရန် ကြိုးစားသည့်အနေနှင့် ပြင်သစ်နိုင်ငံနှင့် အတူ လုပ်ဆောင်သွားမည်ဟု နယူးဇီလန် နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ခရစ်ချပ်ခ်ျ တိုက်တွန်းမှုဟု အမည်ပေးထားသောအွန်လိုင်းတွင် အကြမ်းဖက်ဝါဒ ဖယ်ရှားရေးကို သဘောတူစေရန် ကမ္ဘာ့ခေါင်းဆောင်များနှင့် နည်းပညာကုမ္ပဏီ အကြီးအကဲများအား ဆွေးနွေးစည်းရုံးမည့် အစည်းအဝေးကို ပဲရစ်၌ မေလ ၁၅ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကာ ကျင်းပသွားမည်ဟု နယူးဇီလန်ဝန်ကြီးချုပ် ဂျေဆင်ဒါအာဒန်က ပြောကြားသည်။

မတ်လ ၁၅ ရက်က နယူးဇီလန်နိုင်ငံ ခရစ်ချပ်ခ်ျတွင် တစ်ကိုယ်တော်သေနတ်သမားက ဗလီနှစ်ခုတွင် လူ ၅၀ ကိုပစ်သတ် ခဲ့သည့် ဖြစ်စဉ်အား facebook တွင် live ထုတ်လွှင့်သွားခဲ့သည်။

လူဖြူလူမျိုးကြီးဝါဒီ ဘရင်တန် တောရန့်အား လူသတ်မှုပေါင်း ၅၀ ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

“facebook လို နည်းပညာပလက်ဖောင်းတွေဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးမှာ နည်းလမ်းတစ်ခု ဖြစ်လာရမယ့်အစား အကြမ်းဖက်ဝါဒအတွက် နည်းပညာ ကိရိယာတစ်ခုလို အသုံးချမခံရဖို့က အရေးကြီးပါတယ်”ဟု မစ္စအာဒန်က ပြောကြားသည်။

“လာမယ့်အစည်းအဝေးဟာ အစိုးရတွေ၊ နည်းပညာကုမ္ပဏီတွေအကြားမှာ စုစည်းလုပ်ဆောင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်”ဟု မစ္စအာဒန်က ပြောသည်။

ပြင်သစ်က သဘာပတိအဖြစ်ဆောင်ရွက်သည့် G7 နည်းပညာဝန်ကြီးများ၏ လူသားရေးရာ နည်းပညာအစည်းအဝေးနှင့်အတူ ယခုအစည်းအဝေးကို မေလ ၁၅ ရက်တွင် တွဲဖက်ကျင်းပမည်ဟု သိရှိရသည်။

ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတွင် မစ္စအာဒန်က သူမသည် Facebook, Twitter, Microsoft, Google အပါအဝင် နည်းပညာဦးဆောင် ကုမ္ပဏီကြီးများမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောကြားသည်။

“ရရှိတဲ့ တုံ့ပြန်မှုကတော့ အပေါင်းလက္ခဏာဆောင်ပါတယ်။ အွန်လိုင်းမှာ အကြမ်းဖက်အစွန်းရောက်ဝါဒ ပြန့်ပွားနေတာကို မြင်ချင်ပါတယ်ဆိုတဲ့ အစိုးရတွေ၊ နည်းပညာကုမ္ပဏီတွေ မရှိပါဘူး”ဟု မစ္စအာဒန်က ဆိုသည်။

မစ္စအာဒန်သည် facebook ၏ မာ့ခ်ဇူကာဘတ်နှင့်လည်း ထိုအကြောင်းအရာကို တိုက်ရိုက်ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

Facebook ပြောရေးဆိုခွင့်ရှိသူကလည်း ရှင်းလင်းတိကျသော စည်းမျဉ်းမူ ဘောင်များထွက်ပေါ်ရေးအတွက် အစိုးရ၊ နည်းပညာကဏ္ဍ၊ လုံခြုံရေးကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လေ့လာနေသည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

အသုံးပြုသူ ၂ ဒသမ ၇ ဘီလီယံရှိသော ကမ္ဘာ့အကြီးဆုံး လူမှုမီယာ facebook သည် ခရစ်ချပ်ခ်ျတိုက်ခိုက်မှု ဖြစ်ရပ်အပြီးတွင် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရန် ပျက်ကွက်မှုကြောင့် ဝိုင်းဝန်းပြစ်တင်ဝေဖန်ခြင်းကို ခံနေရသည်။

Facebook ၏ စီမံခန့်ခွဲမှု အရာရှိချုပ် ရှရယ်ဆန်းဘတ်က မီဒီယာပလက်ဖောင်းတွင် live ထုတ်လွှင့်ခွင့်ကို စံနှုန်းများဖြင့် တင်းကျပ်ရန် လေ့လာနေသည်ဟု ယခင်လက ပြောကြားထားသည်။

F-04