News

POST TYPE

NEWS

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတကို ပြတ်ပြတ်သားသားအရေးဆိုရန် အရပ်ဘက်အဖွဲ့အစည်းများလိုလား
25-Apr-2019



ရန်ကုန်၊ ဧပြီ ၂၄

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်တွင် မြန်မာပြည်သူများ၏အသံကို နားထောင်ပြီး မြစ်ဆုံစီမံကိန်းကို ပြည်သူများက လက်မခံကြောင်း တရုတ်သမ္မတထံ ပြတ်ပြတ်သားသား ပြောသင့်ကြောင်း ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“မြစ်ဆုံစီမံကိန်းကို လူထုက မလိုလားဘူး။ လူနည်းစုပဲ လက်ခံတယ်။ ဒါကို သိသင့်တယ်။ လူထုခံစားချက်ကို နှလုံးသားထဲထားပြီး တရုတ်သမ္မတကို ပြတ်ပြတ်သားသား ပြောသင့်တယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဧရာဝတီကို ရွေးယူမယ် စကားဝိုင်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ တွေ့ဆုံလျှင် ပြည်သူ သဘောထားကိုသိရန် ရည်ရွယ်သော်လည်း NLD ပြောရေးဆိုခွင့်ရှိသူများ၏ ဝေဖန်မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ပြည်သူ့အသံကို မခံစားမိမှာ စိုးရိမ်မိကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ဧပြီလ ၂၅ ရက်တွင် စတင်ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်မည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း သီးခြားတွေ့ဆုံသွားမည်ဖြစ်သည်။

လက်ရှိတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံကို လျော်ကြေးပေး၍ ရွေးယူရန် လှုံ့ဆော်မှုများရှိသလို့ မြစ်ဆုံစီမံကိန်းကို ဆန္ဒပြသူများလည်း ရှိနေသည်။ 

မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအတွက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်နေသည့်အတွက် ရပ်ဆိုင်းရန် အဆိုပါခရီးစဉ်တွင် ဆွေးနွေးစေချင်သည်ဟု ဧရာဝတီကို ပြန်ရွေးယူကြမယ် ကမ်ပိန်းတွင် ပါဝင်သူ ဒေါက်တာမြင့်ဇော်က ပြောသည်။

ထို့အတွက်ကြောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ် မသွားရောက်မီ မြစ်ဆုံနှင့်ပတ်သက်၍ လျော်စရာရှိလျှင် ပြည်သူများအနေနှင့် ပါဝင်နိုင်ရန် နည်းလမ်းသစ်ကို စဉ်းစားနိုင်ရန်အတွက် ရည်ရွယ်၍ ဧရာဝတီကိုပြန်ရွေးယူကြမယ် ခေါင်းစဉ်ဖြင့် စကားဝိုင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စဉ်းစားဖို့ နည်းလမ်းသစ်ပေါ့၊ တခြားနည်းလမ်းရှိရင်လည်း ရှိမှာပေါ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်ခရီးစဉ် မသွားခင် ဒါနဲ့ပတ်သက်ပြီး စဉ်းစားလို့ရအောင် နည်းလမ်းရှာတာပါ”ဟု ၄င်းက ဆိုသည်။ 

မြစ်ဆုံဖျက်သိမ်းရေး လှုပ်ရှားသူ ကိုမင်းသွေးသစ်ကလည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ မြန်မာပြည်သူများ လုံးဝလက်မခံကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင် ဆွေးနွေးစေချင်ကြောင်း ဆိုသည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းကို တရုတ်လက်ထဲမှ ပြန်ရွေးယူရန်အတွက် တစ်ဒေါ်လာ ကမ်ပိန်း လှုပ်ရှားမှုသည်လည်း မြန်မာပြည်သူများအနေဖြင့် ယင်းစီမံကိန်းဖျက်သိမ်းရန်အတွက် လူထုစည်းရုံးရေးကို ပြသခြင်းဖြစ်သည်ဟု ကိုမင်းသွေးသစ်က ဆိုသည်။

“ဒီစီမံကိန်းက ပြည်သူတွေလုပ်ခဲ့တာလည်း မဟုတ်ဘူး။ အငှားဗိုက် ဓားထိုး မခံနိုင်ဘူး။ အရင်အစိုးရနဲ့ လက်ဝါးချင်ရိုက်ပြီး ပေါင်းစားသူတွေပဲ စိုက်လျော်ပေးလိုက်ကြပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းအားလုံးတွင် Check and Balance ရှိစေရန်အတွက် ပြည်သူ့ကိုယ်စားပြု ဆွေးနွေးပေးစေချင်ကြောင်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွန်းလဲ့ရည်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်မည်ဖြစ်ပြီး ဖိုရမ်အပြီးတွင် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။ 

J-18