News

POST TYPE

NEWS

ဧရာဝတီတိုင်း အစိုးရဟောင်းက လွှဲအပ်ရန် ကျန်နေသည့် ၅ ဘီလီယံကျော် ငွေအကျေ ပြန်မပေး၍ တရားဥပဒေအရ အရေးယူမည်
24-Apr-2019

ပုသိမ်၊ ဧပြီ ၂၃

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက လွှဲအပ်ရန် ကျန်နေသည့် ၅ ဒသမ ၂ ဘီလီယံကျော်ကို အစိုးရသစ်ထံ အကျေပြန်ပေးခြင်းမရှိ၍ တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားသည်။

အစိုးရသစ်ထံ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည့်ယင်းငွေများကို လက်ခံယူထားသည့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ် အတွင်း တာဝန်ယူခဲ့သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းများ ဦးဆောင်သည့် ဧရာဝတီပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအား ဧပြီလ နောက်ဆုံးပတ်အတွင်း အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းစီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

“ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို ဒီနေ့ (ဧပြီ ၂၃) မွန်းလွဲ ၁ နာရီလောက်က အရေးယူမယ်ဆိုတာ အသိပေးပြီးပါပြီ၊ ပြည်သူ အများပိုင် ဘဏ္ဍာငွေတွေကို အကျေအလည်ပြန်မပေးခဲ့ဘူး၊ သတ်မှတ်ရက်ကျော်နေပြီ၊ ဒါကြောင့် ဥပဒေအကြံပေးချက်အရ ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဘဏ်လက်ကျန်ငွေ ၃ ဘီလီယံကျော်နှင့် လုပ်ငန်းရှင်များဖြင့် အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် ၁ ဘီလီယံကျော်ကို ရက် ၃၀ အတွင်း အပြီးပေးသွင်းရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် သုံးထားသည့် ကျန်ငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း အစိုးရသစ်ကညွှန်ကြားချက် ထုတ်ထားသည်။

ပေးသွင်းရာတွင် ငွေသားဖြင့်သာ ပေးသွင်းရန်ဖြစ်ကြောင်း၊ သတ်မှတ်ချိန်မှာ ဇန်နဝါရီလက ပြည့်ခဲ့သော်လည်း မတ်လအထိပေးသွင်းရန် အကြိမ်ကြိမ် အကြောင်းကြားခဲ့ကြောင်း၊ ပေးသွင်းရမည့် ၅၂ ဒသမ ၂၃၆ ဘီလီယံအနက် ၃ဒသမ ၄၄၅ ဘီလီယံသာ ပေးသွင်းခဲ့ကြောင်း တိုင်းအစိုးသစ်၏ သတင်းစာရှင်းလင်းချက်တွင် ဖော်ပြပါရှိသည်။

“ဒီငွေတွေ ကို ၂၀၁၉/၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသအတွင်းက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာတွေမှာ အထောက်အကူဖြစ်စေဖို့၊ ကျေးလက်လမ်းတံတားတည်ဆောက်ဖို့ လိုအပ်နေတာတွေ၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုမှာဖြစ်ပါတယ်” ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပါဝင်သော လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

လွှဲပြောင်းပေးရမည့် ငွေများအနက် ၃ ဒသမ ၄၉ ဘီလီယံကို AYA၊ AGD၊ UAB၊ A Bank တို့မှာ အပ်နှံ ထားပြီး၊ ၁ ဒသမ ၂၇ ဘီလီယံကို လုပ်ငန်းရှင် ၈ ဦးဖြင့် အကျိုးတူရင်းနှီးမြှုပ်နှံထားကြောင်း၊ ပညာရေးအတွက် ကျပ်သိန်း ၅၀၀ ကျော်၊ ရေဘေးလေဘေး ကျန်းမာရေးတို့တွင် ကျပ် သိန်း ၅၀၀ ကျော် လှူဒါန်းထားကြောင်း၊ ဘဏ်တိုးနှင့် အကျိုးတူလုပ်ငန်းများက တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ မှ ၅၀၀ ခန့် ရရှိကြောင်း ယင်းဖောင်ဒေးရှင်း၏ဥက္ကဋ္ဌဖြစ်သူ ယခင်တိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

R-12