News

POST TYPE

NEWS

ပြဿနာသိလျှင် အဖြေလည်း ရှိရပါမည် (Daily, Vol-7/No-11)
24-Apr-2019
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ရေးအတွက် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးကြရန် ရခိုင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်ဟု ကြားသိရပါသည်။

၃၀ဝ နီးပါးခန့်ရှိသည့် ရခိုင်လူမှုအဖွဲ့အစည်းများ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် တပ်မတော်ရယ်၊ AA ရယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NRPC) ရယ် တွေ့ဆုံပြီး အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် ဦးစွာ တိုက်တွန်းထားသည်။ မြန်မာပြည်သူများ၊ အထူးသဖြင့် ရခိုင်တိုင်းရင်းသားများ အထူးစိုးရိမ်ပူပန်နေကြရသည့် AA နှင့် တပ်မတော်၏ တိုက်ပွဲများ ရပ်တန့်ရေးအတွက် NRPC ကို ပုဏ္ဏားတိုင်ထားကာ အပစ်ရပ်သဘော တူညီချက်တစ်ရပ် ထွက်ပေါ်အောင် အကြံပေးလိုရင်း ဖြစ်ပုံရပါသည်။

ထို့နောက်တွင်မှ ရခိုင်ပဋိပက္ခအတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန်၊ စစ်ဘေးဒုက္ခသည်များအား အစိုးရအနေနှင့် အမြန်ဆုံး ကူညီပေးရန်၊ ရှေးဟောင်း အဆောက်အအုံများရှိရာ ယဉ်ကျေးမှုနယ်မြေဒေသအတွင်း တပ်စွဲခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ မပြုလုပ်ရန်၊ ရခိုင်ပြည်သူများ နေထိုင်ရာ ကျေးရွာများအနီး၌ တပ်စခန်းချခြင်းနှင့် တိုက်ပွဲများ မပြုလုပ်ရန် စသည့်အချက်များချပြကာ တောင်းဆိုထားသည်ကို တွေ့ရပေသည်။

AA နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်သော နေရာဒေသများမှာ နဂိုမူလကတည်းက လူမျိုးရေးအဓိကရုဏ်းများကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့သည့် နယ်မြေများဖြစ်ရာ ပြဿနာများ အဆမတန် ကြီးထွားလာပါက စစ်အုပ်ချုပ်ရေး ကြေညာခံရသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု ရခိုင်အရေး စောင့်ကြည့်လေ့လာသူများက ထင်ကြေးပေး ပြောဆိုမှုများ ရှိလာချိန်တွင် ယခုလို ရခိုင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၏ ဆန္ဒသဘောထား ထွက်ပေါ်လာခြင်းမှာ ကောင်းမွန်သည့် အရိပ်လက္ခဏာဟုပင် ဆိုရပါမည်။

အကြောင်းမှာ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီး ရခိုင်နှင့် မြန်မာ သို့မဟုတ် အခြားတိုင်းရင်းသား ပြည်သူများအကြား သွေးကွဲစေမည့် အယူအဆများ၊ သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်နေချိန်တွင် ယခုလို သက်ဆိုင်ရာ ခေါင်းဆောင်များတွေ့ဆုံပြီး ပဋိပက္ခ အဆုံးသတ်ရေးအတွက် အဖြေရှာရေးကို တိုက်တွန်းခြင်းသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ရခိုင်တိုင်းရင်းသားများ၏ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း ဖော်ကျူးရာ ရောက်သွားစေသောကြောင့်ပင်ဖြစ်ပေသည်။

ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွင် AA သာမက ARSA ကဲ့သို့သော အုပ်စုမျိုးပါ ရှိနေရာ ရခိုင်လူမှုအဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း အပတ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ဖြစ်မလားဆိုသည်မှာ မသေချာသည့် ကိစ္စပင်ဖြစ်သည်။ သို့သော်လည်း စစ်ဘေးဒုက္ခသည်များအရေး၊ အဖိုးတန် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပဋိပက္ခကြောင့် မပျက်စီး မပျောက်ပျက်ရေးတို့အတွက် နှစ်ဖက် တာဝန်ရှိသူများ ဖြစ်နိုင်ခြေလည်းရှိ၊ အကျိုးလည်းဖြစ်ထွန်းစေမည့် နည်းလမ်းများကို မဖြစ်မနေ ပူးပေါင်းရှာဖွေသင့်ပေသည်။ သို့မှသာ ဒီမိုကရေစီ အစိုးရကို သံသယဝင်နေသူများရော တပ်မတော်ကို သံသယဖြစ်နေသူများပါ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလမ်းစဉ်အပေါ် ယုံကြည်မှု ပြန်လည် မြင့်တက်လာမည်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ NLD ပါတီ ဦးဆေင်သည့် ဒီမိုကရေစီအစိုးရရော တပ်မတော်ပါ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် အထူးလိုအပ်နေသည်ဖြစ်ရာ ရခိုင်အရေးကိစ္စ တစ်ခုတည်းတွင် သာမက အခြားပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဖြစ်သော ပဋိပက္ခတို့တွင်လည်း ပဋိပက္ခ ပိုမိုကြီးထွားစေနိုင်သည့် တစ်နည်းအားဖြင့် စစ်မက်ဖြစ်ပွားစေနိုင်သည့် မူဝါဒနှင့် လုပ်ဆောင်ချက်များကို အားလုံးက အထူးသတိပြုထား ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၃-၄-၂၀၁၉)