News

POST TYPE

NEWS

ပထမဆုံး Yangon Weekend Market ကို မေလ ၄ရက်နေ့တွင် စတင် ဖွင့်လှစ်မည်
23-Apr-2019
ရန်ကုန်၊ဧပြီ -၂၃

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်အတွင်းတွင် ပထမဆုံး ဖွင့်လှစ်မည့် Yangon Weekend Market ကို ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) တွင် မေလ ၄ ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါညဈေးတန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နှစ်ရက်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယင်းဈေးတန်းကို နံနက် ၉နာရီမှ မွန်းလွဲ ၂ နာရီအထိနှင့် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ နံနက်ပိုင်းနှင့် ညပိုင်းဟူ၍ အပိုင်း ၂ ပိုင်း သတ်မှတ်၍ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်သညိ။

“Yangon Weekend Market ကို မေလမှာ ဖွင့်လှစ်မယ်။ ဝန်ကြီးတွေအားတဲ့နေ့ အချိန်မှာဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရတယ်။ ဖွင့်လှစ်မယ့်အချိန် အတိအကျတော့ မသိသေးဘူး”ဟု ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောကြားသည်။

Yangon Weekend Market တွင် ဆိုင်ခန်းပေါင်း ၈၀ ခန့် ပါဝင်မည်ဖြစ်ပြီး မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဆိုင်များ၊ နိုင်ငံတကာမှ နာမည်ကြီး အစားအသောက်များ၊မြန်မာ့ရိုးရာချည်ထည်များ၊ မြန်မာ့လက်မှုပစ္စည်းများ၊ ဖျော်ရည်ယမကာဆိုင်များ အပါအဝင် နာမည်ကြီး အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ယင်းဈေးတန်းတွင် ရောင်းချချင်သူများအတွက် ဆိုင်ခန်းလျှောက်ထားမှုများကို ဧပြီလ ပထမအပတ်မှစတင်ကာ လက်ခံခဲ့ပြီး ရောင်းချသည့်ဆိုင်များကို ကျန်းမာရေးနှင့် ညီညွတ်ခြင်း ရှိ မရှိ၊ သန့်ရှင်းမှု ရှိ မရှိတို့ကို စီစစ်ပြီးမှသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းခအဖြစ် တစ်လလျှင် နှစ်သိန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Yangon Weekend Market ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ပြီး Golden Market Myanmar ကုမ္ပဏီလီမိတက်မှ လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

J-10