News

POST TYPE

NEWS

တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု တိုင်းတရားသူကြီးပယ်ချ
23-Apr-2019



ထားဝယ်၊ ဧပြီ ၂၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန် လျှောက်ထားမှုအပေါ် တရားသူကြီးက ပယ်ချလိုက်သည်။

ယင်းအမှု၏ စတုတ္ထအကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၂ ရက် ရုံးချိန်း တွင် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီး ဦးခင်မောင်မောင်က အာမခံလျှောက်ထားမှုကို အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်းဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်အနေနှင့် ထားဝယ်အကျဉ်းထောင်အတွင်း လုံခြုံစွာရှိနေခြင်း၊ ၎င်းအား စွဲဆိုထားသည့် အမှုသည် အထူးဥပဒေဖြစ်သည့် အဂတိဥပဒေဖြင့် တရားစွဲဆိုသည့်အမှုဖြစ်ခြင်း၊ ယင်းအမှုသည် အာမခံမပေးနိုင်သည့်အမှုဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံမပေးခဲ့ကြောင်း တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“အမှုကို စတင်မစစ်ဆေးရသေးတဲ့ အခြေအနေကြောင့် အချုပ်လွတ်ထုချေ ခွင့်ပြုဖို့ မသင့်ဘူးဆိုပြီး သုံးသပ်ပြီးတော့ အချုပ်လွတ်ထုချေခွင့်ပြုဖို့ လျှောက်ထားခြင်း (အာမခံ) ကို ပယ်ခဲ့တာပဲ ဖြစ်တယ်” ဟု ဒေါ်အေးအေးသန်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါအပါအဝင် အခြားရောဂါများ ခံစားနေရခြင်း အစရှိသည့် အကြောင်းများကြောင့် အချုပ်လွတ်ထုချေခွင့် (အာမခံ) ပေးရန် ၎င်း ကိုယ်တိုင်နှင့် ၎င်း၏အကျိုးဆောင်ရှေ့နေများက လျှောက်ထားခဲ့ကြသည်။

အာမခံမပေးဘဲ ပယ်ချလိုက်သည့် အမိန့်ကို ကျေနပ်မှုမရှိပါက ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ အာမခံပေးရန် (အထွေထွေအမှု) ထပ်မံလျှောက်ထားနိုင်ကြောင်း ၎င်းက ပြောသည်။

တရားလွှတ်တော်ချုပ်ထံ အာမခံလျှောက်။ မလျှောက်မှာ အမှုသည်၏ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသက်စိုးအောင်က ဆိုသည်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်၊ ဒီအပေါ်မှာ ဘာမှ ဝေဖန်မှုမရှိဘူး” ဟု ဦးသက်စိုးအောင်က ပြောသည်။

ဒေါက်တာလဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့သည်။

ဧပြီလ ၂၂ ရုံးချိန်းတွင် အာမခံ ပေး/ မပေး အမိန့်ချခဲ့သည့်အပြင် တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ပြီး ၎င်းက သက်သေခံစာရွက်စာတမ်းများကို တရားရုံးထံ တင်သွင်းခဲ့သည်။

လာမည့်ရုံးချိန်းကို မေလ ၆ ရက် နေ့တွင် ပြန်လည်ချိန်းဆိုထားပြီး တရားလိုကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။

GGS ကုမ္ပဏီတာဝန်ရှိသူများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

Dawei Watch