News

POST TYPE

NEWS

စဉ့်ကူးတွင် ရွှေတွင်းရေလုံးပေါက်၍ လုပ်သားနှစ်ဦးသေဆုံး
22-Apr-2019
မန္တလေး၊ ဧပြီ ၂၂

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာရှိ ရွှေလုပ်ကွက်တစ်ခုအတွင်း ဧပြီလ ၂၁ ရက်နေ့ ညပိုင်းက ရေလုံးပေါက်ကျမှုဖြစ်ပွားရာ လုပ်သားလေးဦး ပြုတ်ကျရာမှ နှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းလုပ်ကွက်အတွင်းရှိ ရွှေလုပ်သားများထံမှ သိရသည်။

ကန်တောင်ဒေသရှိ ရွှေလုပ်ကွက်တစ်ခုအတွင်း အနက်ပေ ၄၅၀ ခန့်တွင် ယမ်းခွဲခဲ့ရာ တစ်ဖက်တွင်းဟောင်းအတွင်းမှ ရေများပေါက်ကျခဲ့ရာ ရွှေတွင်းလုပ်သားလေးဦးတို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁ တံခွန်ရွှေမိုင်း အခြေခံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

“ပြုတ်ကျတာတော့ လေးယောက်။ နှစ်ယောက်ကတော့ ဒဏ်ရာလောက်ပဲရတယ်။ နှစ်ယောက်ကတော့ အောက်ဆီဂျင်ပြတ်ပြီး တစ်ခါတည်း သေသွားတယ်။ အလောင်းတွေတော့ ညကတည်းက ဆယ်ယူပြီးပါပြီ”ဟု ၎င်းကပြောဆိုသည်။

ဦးကျော်ဆန်းလွင် (၂၁ နှစ်)၊ ဦးဇင်မျိုးဦး (၂၆ နှစ်)၊ ပြည့်ဖြိုးကျော် (၂၅ နှစ်)နှင့် ဦးဝင်းမင်းဦး (၃၂ နှစ်)တို့ လေးဦးပြုတ်ကျခဲ့ရာတွင် ဦးကျော်ဆန်းလွင်နှင့် ဦးဇင်မျိုးဦးတို့ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

ပြုတ်ကျသွားသူများကို ရေလုံးပေါက်မှုဖြစ်ပွားပြီး တစ်နာရီခွဲခန့်အကြာတွင် ဆယ်ယူနိုင်ခဲ့ပြီး ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရွှေလုပ်သားများထံမှ သိရသည်။

ထို့ပြင် ရှောက်ပင်ရိုးကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က လုပ်ကွက်တစ်ခုတွင် ရေလုံးပေါက်ကျခဲ့သည့်အတွက် ရွှေတွင်းလုပ်သားလေးဦး သေဆုံးခဲ့သည့်အတွက် ယခုအခါရွှေတွင်း ရေလုံးပေါက်ခြင်းကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

M-04