News

POST TYPE

NEWS

ကွန်ဆာဗေးတစ် ထိပ်သီးပါတီဝင်များက ဝန်ကြီးချုပ်မေကို နုတ်ထွက်ခိုင်းမည်
22-Apr-2019
britain

လန်ဒန်၊ ဧပြီ ၂၁

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား ဇွန်လကုန်တွင် နုတ်ထွက်ရန် ကွန်ဆာဗေးတစ် ထိပ်သီးပါတီဝင်များက တိုက်တွန်းကြဖွယ်ရှိပြီး သို့မဟုတ်ပါကလည်း သူမ၏ပါတီမှအမတ်များက ဖယ်ရှားရန် နောက်တစ်ကြိမ် ကြိုးစားကြလိမ့်မည်ဟု Sunday Times က သတင်းရင်းမြစ်များကို အမည်မဖော်ဘဲ ရေးသားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထရီဆာမေသည် ဒီဇင်ဘာလက အယုံအကြည်မရှိအဆို မဲခွဲမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ပါတီစည်းမျဉ်းအရ တစ်နှစ်မပြည့်မီ နောက်ထပ်စိန်ခေါ်ခွင့် မရှိသော်လည်း သူမနုတ်ထွက်ခြင်းမပြုပါက စည်းမျဉ်းများကို ပြင်ဆင်မည်ဟု အမတ် ဂရေဟမ်ဘရက်ဒီက ပြောကြားလိမ့်မည်ဟု သတင်းစာက ဆိုသည်။

ကွန်ဆာဗေးတစ်ပါတီတွင် ဩဇာကြီးသော ကော်မတီကို ဦးဆောင်နေသူ ဘရက်ဒီက ထရီဇာမေအား ဘရိတ်ဇစ် ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ကွန်ဆာဗေးတစ် အမတ် ၇၀ ရာခိုင်နှုန်းက သူမအား နုတ်ထွက်စေလိုကြသည်ဟု ပြောကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် အီးယူမှ နုတ်ထွက်ရန် မူလက သတ်မှတ်ထားသော်လည်း ဧပြီ ၁၂ ရက်သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခု အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုတ်ရွှေ့ဆိုင်းထားသည်။

ထိုသို့ ခြောက်လရွှေ့ဆိုင်းမှုနှင့် ပတ်သက်၍ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဂျွန်ကလော့ဂျန်ကာက အချိန်ကို အကျိုးရှိအောင် အသုံးပြုရန် ဗြိတိန်ကို တိုက်တွန်းထားသည်။

ဘရိတ်ဇစ်သတ်မှတ်ထားသည့်ရက်ကို ခြောက်လနောက်ဆုတ်ထားသော်လည်း ယူကေသည် စာချုပ်မရှိဘဲ နုတ်ထွက်မည့် အရေးကို ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ဂျန်ကာက စနေနေ့က ပြောကြားသည်။

“ယူကေအနေနဲ့ ရထားတဲ့အချိန်ကို မဖြုန်းဘဲ အကျိုးရှိအောင် အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သက်တမ်းတိုးထားတဲ့ ကာလအတွင်းမှာ ဘရိတ်ဇစ်နုတ်ထွက်မှုအတွက် သဘောတူစာချုပ်တစ်ခု ချမှတ်နိုင်တာဟာ အကောင်းဆုံးနည်းလမ်းပါပဲ”ဟု ဂျန်ကာက ပြောကြားသည်။

“ဘရိတ်ဇစ် ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဘယ်သူမှမသိပါဘူး။ စာချုပ်မရှိဘဲ နုတ်ထွက်ရမယ့် မရေမရာ အခြေအနေက ရှိနေတုန်းပါပဲ”ဟု ဂျန်ကာက ပြောကြားသည်။

ဝန်ကြီးချုပ် ထရီဇာမေနှင့် အီးယူတာဝန်ရှိသူများ အကြိတ်အနယ် ညှိနှိုင်းထားသော ဘရိတ်ဇစ်စာချုပ်မူကြမ်းကို ဗြိတိန်ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့သည်။ 

F-04  


  • VIA