News

POST TYPE

NEWS

ဘူးသီးတောင်တွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို ပရဟိတအဖွဲ့များ ပူးပေါင်းကယ်ထုတ်
22-Apr-2019
စစ်တွေ၊ ဧပြီ ၂၁

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာ၌ တိုက်ပွဲကြောင့်ပိတ်မိနေသည့် သက်ကြီးရွယ်အိုခြောက်ဦးနှင့် ရွာသားလေးဦးကို ပရဟိတအဖွဲ့များ ပူးပေါင်းကာ ဧပြီလ ၂၀ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့တို့ထံမှ သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ နွားရုံတောင်၊ စံဂိုးတောင်၊ ချရှားတောင်ကျေးရွာတို့၌ ဧပြီလ ၁၉ ရက်နေ့က လက်နက်ကြီးကျည်များကျလာသဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြရာ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများ ပိတ်မိကျန်နေသဖြင့် သွားရောက်ကယ်ထုတ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပထမတစ်ရက်သွားတယ်။ မကယ်ထုတ်နိုင်ခဲ့ဘူး။ လမ်းတစ်ဝက်ကနေ လှည့်ပြန်လာရတယ်။ နောက်တစ်နေ့သွားပြီးမှ ကယ်ထုတ်နိုင်ခဲ့တာ။ အခုတော့ သွားလို့မရ၊ ထလို့မရ အားပြတ်သလိုဖြစ်သွားတဲ့ သက်ကြီးပိုင်းတချို့ကိုတော့ ဆေးရုံပို့လိုက်တယ်” ဟု ဘူးသီးတောင်မြို့ရှိ အနောက်တံခါး လူမှုကူညီကယ်ဆယ်ရေးအသင်း (WDAB) ဥက္ကဋ္ဌ ဦးအောင်ထူးက ပြောကြားသည်။

အဆိုပါ သက်ကြီးရွယ်အိုများသည် အသက် ၇၀ ကျော်မှ အသက် ၁၀၀ ဝန်းကျင် ထိရှိကြပြီး နား၊ မျက်လုံးတို့ ချို့ယွင်းနေကြသူများလည်း ပါဝင်ကြောင်း WDAB ထံမှသိရသည်။

ထိုသို့ပိတ်မိနေကြသူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မောင်တော ကရုဏာကွန်ရက်၊ အနောက်တံခါးလူမှု ကူညီကယ်ဆယ်ရေးအသင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များပူးပေါင်းကာ ကူညီကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ နွားရုံတောင်ကျေး ရွာသူ၊ ကျေးရွာသားများသည် စေတီ တောင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့် ဘေးလွတ်ရာတို့တွင် တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့၏တိုက်ပွဲတို့ကြောင့် စစ်ဘေးရှောင်ဦးရေ ၃၅၀၀၀ ခန့် အထိရှိ လာပြီး မြောက်ဦးမြို့နယ်၌ စစ်ဘေးရှောင် စခန်း ၅၀ ခန့်ရှိကာ လူဦးရေ တစ်သောင်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး (REC) ထံမှ သိရသည်။

R-22