News

POST TYPE

NEWS

ဥရောပရှိ တရုတ်ပိုင်ဆိုင်မှု စီးပွားများကို အီးယူ စစ်ဆေးတော့မည်
22-Apr-2019

ဘရပ်ဆယ်၊ ဧပြီ ၂၁

ဥရောပရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားများကို စစ်ဆေးမည့် စနစ်သစ်တစ်ခုကို အီးယူက စတင်ကျင့်သုံးတော့မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဥရောပရှိ တရုတ်စီးပွားရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ထိုစနစ်ကို စတင်ကျင့်သုံးခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

ထိုနစ်အရ အီးယူ၏ စီမံခန့်ခွဲရေးဌာနဖြစ်သော ဥရောပကော်မရှင်အနေနှင့် ဂယ်လီလီယို ဂြိုဟ်တုစီမံကိန်း အပါအဝင် တစ်နိုင်ငံထက်မကသော အီးယူအဖွဲ့ဝင်များနှင့်သက်ဆိုင်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စများအပေါ် ခြိမ်းခြောက်မှု ရှိလာချိန်မျိုးတွင် သဘောထားပေးရန် အခွင့်အာဏာရှိမည်ဖြစ်သည်။

ဥရောပကော်မရှင်က တရုတ်နိုင်ငံသည် စနစ်တစ်ခုလုံးနှင့်ဆိုင်သော ပြိုင်ဘက်နှင့် မဟာဗျူဟာပြိုင်ဘက်ဖြစ်သည်ဟု မတ်လက စတင်သတ်မှတ်ခဲ့သည်။

အီးယူဆိုင်ရာ တရုတ်သံအမတ်ကမူ ယခင်အတိုင်း တံခါးဖွင့်ထားရန်နှင့် တရုတ်ကို ခွဲခြားဆက်ဆံခြင်းမပြုရန် အီးယူအား တိုက်တွန်းထားသည်။

ဥရောပစီးပွားရေးတွင် တရုတ်၏ ပိုင်ဆိုင်မှုသည် ပမာဏသေးငယ်သော်လည်း ပြီးခဲ့သောဆယ်နှစ်အတွင်း မြန်ဆန်စွာ ကြီးထွားလာခဲ့သည်။

ဥရောပစီးပွားရေး၏ သုံးပုံတစ်ပုံသည် အီးယူမဟုတ်သော နိုင်ငံခြားပိုင်ဖြစ်ပြီး ထိုကုမ္ပဏီများထဲမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် တရုတ်၊ ဟောင်ကောင်၊ မကာအို အခြေစိုက်ဖြစ်၍ ၂၀၀၇ ခုနှစ်က ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ တိုးပွားလာခြင်းဖြစ်သည်။ အမေရိကန်နှင့် ကနေဒါတို့၏ ပိုင်ဆိုင်မှုသည် ၂၀၀၇ တွင် ၄၂ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ တွင် ၂၉ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့သည်။

သို့ဖြစ်ရာ တရုတ်ပိုင်စီးပွားများ တိုးပွားနှုန်း မြန်ဆန်နေသော်လည်း ပမာဏ မများလှသေးဟု ဆိုသည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း စီးပွားရေး နှေးကွေးလာခဲ့သော်လည်း ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စသော ဥရောပအင်အားကြီးနိုင်ငံများတွင် တိုးမြှင့်မြှုပ်နှံလျက်ရှိပြီး ယူကေတွင် ယူရို ငွေ ၅၀ ဘီလီယံဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားရာ ဂျာမနီတွင် မြှုပ်နှံထားသည့် ပမာဏထက် နှစ်ဆပိုများသည်။

၂၀၀၈ နောက်ပိုင်းမှစ၍ ဥရောပ နိုင်ငံပေါင်း ၃၀ တွင် တရုတ်၏ စီးပွားရေးလှုပ်ရှားမှုသည် အမေရိကန်တို့ထက် ၄၅ ရာခိုင်နှုန်း ပိုများသည်ဟုဆိုသည်။

တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုသည် စီးပွားရေးမပြေလည်သော ဘော်လ်ကန်နိုင်ငံများနှင့် ဥရောပတောင်ပိုင်းနိုင်ငံများကို များစွာ ဆွဲဆောင်နိုင်စွမ်းရှိသော်လည်း တရုတ်ချေးငွေသည် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်ခွင့်ကဲ့သို့သော ကြိုတင်သတ်မှတ်ချက်များ ရှိသည့်အပြင် ကြီးမားသော ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပိစေမည့် အန္တရာယ်ရှိသည်ဟု အကဲခတ်များက ထောက်ပြနေကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် စီးပွားရေး နှေးကွေးနေပြီး အမေရိကန် သမ္မတထရမ့်၏ ပိတ်ပင်တားဆီးမှုများကိုလည်း ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ သည် ဥရောပတွင် စီးပွားရေးပိုင်ဆိုင်မှု ပမာဏ မများသေးသော်လည်း အရေးပါသည့် ပလေယာတစ်ဦးဖြစ်လာသည့် အနေအထားကိုမူ သံသယဖြစ်စရာမလိုကြောင်း လေ့လာသူများက မှတ်ချက်ပေးထားသည်။ 

F-04