News

POST TYPE

NEWS

ဝန်ကြီးချုပ်မိုဒီ၏ ဘဝဇာတ်ကြောင်း အွန်လိုင်းရုပ်သံ အခန်းဆက်စီးရီးကို အိန္ဒိယရွေးကောက်ပွဲကော်မရှင် ပိတ်ပင်
22-Apr-2019

india

ဒေလီ၊ ဧပြီ ၂၁

အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက် ပွဲတွင် မမျှမတ အသာစီးယူမှုကို ဖြစ်စေနိုင်သော ဝန်ကြီးချုပ်မိုဒီ၏ ဘဝဇာတ်ကြောင်း အွန်လိုင်းရုပ်သံအခန်းဆက်စီးရီး ထုတ်လွှင့်မှုကို ရပ်ဆိုင်းရန် ရွေးကောက်ပွဲကော်မရှင်က စနေနေ့တွင် ညွှန်ကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအတွက် သီတင်းငါးပတ်ကျော် မဲဆွယ်မှုကာလအတွင်း ဥပဒေနှင့်မညီသော မဲဆွယ်မှုများကို တာဝန်ရှိသူများက ပိတ်ပင်လျက်ရှိရာ ရုပ်ရှင်တစ်ကားကို ဆိုင်းငံ့ထားခြင်း၊ ဇာတ်လမ်းတွဲတစ်ခုကို ဆင်ဆာဖြတ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီးနောက် ယခု မိုဒီ၏ ဘဝဇာတ်ကြောင်း အွန်လိုင်းရုပ်သံစီးရီးကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အိန္ဒိယရွေးကောက်ပွဲကာလသည် ဧပြီ ၁၁ ရက်မှ မေလ ၁၉ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ပိတ်ပင်မှုသည် ထိုကာလအတွင်း အကျုံးဝင် သက်ရောက်သည်။

မိုဒီ သို့မဟုတ် သာမန်လူတစ်ယောက်ရဲ့ ဘဝခရီးဟု အမည်ပေးထားသော ငါးခန်းတွဲစီးရီးသည် ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ လက်ဖက်ရည်ရောင်းသူတစ်ဦး၏ သားအဖြစ်မှ ဝန်ကြီးချုပ်ဖြစ်လာသည်အထိ ဘဝဇာတ်ကြောင်းကို သရုပ်ဖော်ထားသည်။

အလားတူပင် မိုဒီ၏ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားသော ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားကိုလည်း ဖြန့်ချိပြသခွင့် ဆိုင်းငံ့ထားရာ ရွေးကောက်ပွဲများ ကျင်းပပြီးမှသာ ပြသခွင့်ရမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ထုတ်လုပ်ပြသမှုသည် ဝါဒဖြန့်ခြင်းဖြစ်သည်ဟု အတိုက်အခံ ကွန်ဂရက်ပါတီက ပြစ်တင်ရှုတ်ချခဲ့သည်။ မိုဒီ၏ အာဏာရ BJP ပါတီကမူ ထိုရုပ်ရှင် ရိုက်ကူးမှုတွင် ပါဝင်ပတ်သက်မှုမရှိခဲ့ဟု ငြင်းဆန်ထားသည်။

တစ်ချိန်တည်းတွင် BJP ပါတီက စပွန်ဆာပေးထားပြီး မိုဒီ၏ လူထုစည်းဝေးပွဲများနှင့် မိန့်ခွန်းများကို လွှင့်ထုတ်ပေးနေသော NaMo TV ရုပ်သံလိုင်းကိုလည်း မထုတ်လွှင့်မီ အကဲဖြတ်အဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန် ညွှန်ကြားထားသည်။

ယခင်လက မဲဆွယ်မှုများ စတင်ခဲ့ချိန်ကတည်းက တိုင်စာများ ပလူပျံအောင် တက်လာခဲ့ပြီးနောက် မီဒီယာဖော်ပြမှုများကို စိစစ်တင်းကျပ်ရန် ရွေးကောက်ပွဲကော်မရှင်က ကြားဝင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယရွေးကောက်ပွဲဥပဒေများအရ မဲပေးနေသည့်ကာလအတွင်း ပါတီမဲဆွယ်မှုကို အထောက်အကူ ဖြစ်စေသည်ဟု ယူဆရသော မီဒီယာဖော်ပြမှုများကို ခွင့်မပြုပေ။

၂၀၁၄ ခုနှစ်က အာဏာရလာသော အမျိုးသားရေးဝါဒီ မိုဒီသည် သရဖူကာကွယ်နိုင်ရန် ခက်ခဲသော စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။

အာဏာစက်မရှိဟု ဝေဖန်ခြင်းခံနေရသော အိန္ဒိယရွေးကောက်ပွဲကော်မရှင်အား တိုင်စာများအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အထက်တရားရုံးက ယခင်အပတ်က ညွှန်ကြားထားသည်။ 

F-04