News

POST TYPE

NEWS

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ တရားလွှတ်တော်ချုပ်ရုံးတွင် ဧပြီ ၂၃ အမိန့်ချမည်
21-Apr-2019

ရန်ကုန်၊ ဧပြီ ၂၀

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ ဧပြီ ၂၃ ရက်တွင် နေပြည်တော် တရားလွှတ်တော်ချုပ်ရုံး၌ အမိန့်ချမှတ်မည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။ 

“၂၃ ရက်ကို အမိန့်ချမယ်၊ ပုံမှန်ထက် နည်းနည်းစောတယ်။ အမိန့်မှ တချို့ ပြစ်ဒဏ်လျှော့တာတို့၊ ပယ်ဖျက်တာတော့ရှိတယ်။ ဖြစ်နိုင်ခြေတော့ အများကြီးရှိတယ်” ဟု ၎င်းက ဆိုသည်။

အယူခံအမိန့်ကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် အမိန့်ချမှတ်သွား မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

သတင်းထောက်နှစ်ဦး လျှောက်လဲချက်တွင် စာမျက်နှာ ၂၀ ကျော် ပါရှိပြီး သတင်းထောက်နှစ်ဦး ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရကြောင်း အပါအဝင် အချက် ၁၃ ချက် တင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ တရားလိုဘက်က ရှေ့နေဘက်မှ သတင်းထောက်နှစ်ဦးလက်ထဲကရရှိသည့် စာရွက်စာတမ်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ကြောင်းကို လျှောက်လဲချက်တင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

သတင်းထောက်နှစ်ဦးကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်က မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းစီရင်ချက်အပေါ် ကျေနပ်မှုမရှိသည့်အတွက် သတင်းထောက်နှစ်ဦး၏ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် ယခုနှစ် ဇန်နဝါရီလက အယူခံတင်သွင်းခဲ့သည့်အပေါ် တရားရုံးက ပယ်ချခံခဲ့ရသည်။ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် မတ်လ ၂၆ ရက်တွင် သတင်းသမားကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုခဲ့သည်။ 

သတင်းထောက်နှစ်ဦး မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် တိုင်းတရားလွှတ်တော်သို့ တင်ပြ၍ ဒီဇင်ဘာ ၂၄ ရက်က ကြားနာခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် အမှုကို ပလပ်ခြင်းခံခဲ့ရသည်။ 

သတင်းထောက်နှစ်ဦးအမှုကို ဇန်နဝါရီ ၁၁ ရက် တရားရုံး၏ဆုံးဖြတ်ချက်တွင် သတင်းထောက် နှစ်ဦး ဖုန်းထဲမှ (AA) ရခိုင်လက်နက်ကိုင်အဖွဲ့မှ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်နှင့် အဖွဲ့အစည်းဖုန်းနံပါတ်များ မှတ်သားထားခြင်းသည် နိုင်ငံတော်အကျိုးစီးပွားကို ထိခိုက်နိုင်သည်ဟု သုံးသပ်ကာ ရန်ကုန်တိုင်းတရားလွှတ်တော်တွင် အမှုကို ပလပ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

“ဒါ ပထမအယူခံပဲရှိပါသေးတယ်။ တရားလွှတ်တော်ချုပ်မှာ ပထမအယူခံပေါ့။ အယူခံအဆင့်မှာ ဒုတိယအဆင့်ရှိနေပြီ”ဟု ၎င်းအမှုကို ကိုယ်စားလျှောက်ထားပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က The Voice သို့ ပြောသည်။ 

အယူခံသဘောတရားအနေနှင့် အထူးအယူခံအဆင့်တစ်ခု ကျန်နေသေးပြီး ပြင်ဆင်မှုလျှောက်ထားချက်အပေါ် ချမှတ်သည့်ရလဒ်ကို ကာယကံရှင်တို့၏ သဘောဖြင့် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

J-18