News

POST TYPE

NEWS

ပြည်နယ်တောင်းဆိုမှုနှင့် စစ်အင်အားပြသခဲ့သည့် “ဝ”
21-Apr-2019



ရန်ကုန်၊ ဧပြီ ၂၀

ပြီးခဲ့သော ဧပြီလ ၁၇ ရက်နေ့က “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ထိန်းချုပ်နယ်မြေဖြစ်သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံး လက်နက်ကိုင်တစ်ခုဖြစ်သည့် UWSA က ၎င်း၏ တပ်ဖွဲ့ဝင်အားနှင့် စစ်လက်နက်များကိုလည်း ပြသခဲ့သည့် အခမ်းအနားလည်းဖြစ်သည်။

ယင်းအခမ်းအနားသို့တက်ရောက်ရန် UWSA က အစိုးရ၊ တပ်မတော်အပါအဝင်၊ သတင်းစာဆရာများ၊ နိုင်ငံတကာသံတမန်များကိုဖိတ်ခေါ်ခဲ့ပြီး အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က သဝဏ်လွှာပေးပို့ခဲ့ကာ NLD အစိုးရအဖွဲ့၏ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ အပြင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြသည်။

သို့သော် တပ်မတော်ဘက်ကမူ တရားဝင်သဝဏ်လွှာပေးပို့ခဲ့ခြင်း မရှိခဲ့သလို၊ တပ်မတော်သား ကိုယ်စားလှယ်များလည်း တရားဝင်တက်ရောက်ခြင်း မရှိခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်းအခမ်းအနားသို့ UWSA ၏ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်များဖြစ်သော မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ ဝင်များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) မှ တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်သည် စစ်ဝတ်စုံအပြည့်နှင့်အတူ တိုက်ခိုက်ရေးယာဉ်များ၊ လေကြောင်းရန်ကာကွယ်သည့် စစ်လက်နက်များကိုလည်း ပြသသွားခဲ့သည်။

ထိုသို့ “ဝ” တပ်ဖွဲ့ (UWSA) က စစ်အင်အား ပြသသွားသည့်အခြေအနေသည် တပ်မတော်၏ခြိမ်းခြောက်မှုကို စစ်ရေးအင်အားဖြင့် ပြန်လည်ပြသသည့်သဘောဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသူများက ရှုမြင်နေကြသည်။

ဧပြီလ ၁၇ ရက်နေ့ကို UWSA ၏ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားဟု သုံးနှုန်းသွားခဲ့သော်လည်း တကယ်တမ်းမှာမူ ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို UWSA က ပုန်ကန်ကာ အာဏာသိမ်းယူခဲ့သည့်နေ့သာဖြစ်သည်။

အဆိုပါစစ်ရေးပြအခမ်းအနားသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများလည်း တက်ရောက်ခဲ့ပြီး စစ်ရေးပြအခမ်း အနားမြင်ကွင်းများ၊ စစ်အင်အားအခြေအနေများကို သတင်းထုတ်ပြန်မှုများပြုလုပ် ခဲ့ရာတွင် “ဝ”တပ်ဖွဲ့၏ စစ်အင်အားအခြေအနေကို သုံးသပ်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းတွင်လည်း လှုပ်ခတ်သွားခဲ့သည်။

ထိုစစ်ရေးပြအခမ်းအနားတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ပြောကြားခဲ့သည့် “ဝ” ပြည်နယ်အဆင့်ရရှိရေးရည်မှန်းချက် ထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုချက်ကလည်း လှုပ်ခတ်မှုများ ဖြစ်စေခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ပြည်နယ် အဖြစ် ပြည်ထောင်စုအစိုးရက သတ်မှတ် ပေးရန်ဆိုသော ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ရာသက်ပန် ကြိုးစားအားထုတ်သွားကြမည်ဖြစ်ပြီး နိုင်ငံရေးအရ တောင်းဆိုမှု အကောင်အထည်မပေါ်ခင် ကာလတွင် လက်တစ်ဖက်မှ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအလံကိုလွှင့်ထူကာ အခြားလက်တစ်ဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရေးအလံကို လွှင့်ထူ၍ လက်ရှိအခြေအနေကို ဆက်လက်စောင့် ထိန်းသွားကြမည်” ဟု UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်အင်အားပြသသည့်ပွဲတွင် “ဝ” ခေါင်းဆောင်တစ်ဦးက ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြည်နယ်အဆင့် တောင်းဆိုသည့်အနေအထားကို ဒေသတွင်း တိုင်းရင်းသား အင်အားစုများအကြား သဘောထားအမြင်မတူမှုအချို့လည်း ရှိနေသည်။

“ဝ” တပ်ဖွဲ့အနေနှင့်မူ ၎င်းတို့အနေနှင့် စစ်အင်အားကိုပြသခြင်းသည် တပ်မတော်၏ ခြိမ်းခြောက်မှုကို ပြန်လည်တုံ့ပြန်သည့်သဘောထားဖြစ်ပြီး လက်နက် ကိုင်နည်းလမ်းဖြင့်ဖြေရှင်းမရဘဲ နယ်မြေထူထောင်ထားနိုင်ကြောင်း ပြသရာရောက်သည်ဟု ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာအဖွဲ့ MISP ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။

UWSA အနေနှင့် “ဝ” ဒေသကို ပြည်နယ်အဆင့်တောင်းဆိုမှုသည် ရှမ်းပြည်နယ်၏ အစိတ်အပိုင်းတစ်ခုကို တောင်းဆိုသည့်အတွက် ပြည်နယ်အတွင်းရှိ အင်အားကြီး နိုင်ငံရေးအင်အားစုများ၏ သဘောထားများနှင့် ညှိနှိုင်းသွားရန် လိုအပ်ကြောင်းလည်း ၎င်းကပြောဆိုသည်။

ထိုသို့ ပြည်နယ်တောင်းဆိုမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း၌ ပြည်နယ်တောင်းဆိုနေသည့် ပအိုဝ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) ကလည်း ထောက်ခံသည့်စာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် RCSS ကမူ “ဝ” ပြည်နယ်တောင်းဆိုမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်သက်ဆိုင်၍ ပြည်သူအားလုံးပါဝင်ရန်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“သူတို့ ပြည်နယ်တောင်းဆိုတာနဲ့ ပတ်သက်လို့ ဘာမှတော့ ပြောဆိုစရာမရှိပါဘူး။ ဒါက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ဆိုင်တယ်။ ပြည်သူအားလုံးနဲ့လည်းဆိုင်တယ်” ဟု RCSS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

“ဝ” ဒေသသည် ရှမ်းပြည်နယ်အတွင်းရှိပြီး ပန်ဆန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း စသည့် မြို့နယ်များပါဝင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားခြင်းဖြစ်သော်လည်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) အနေနှင့် ၎င်းတို့၏ထုတ်ပြန်ချက်များ ရုံးစာအသုံးအနှုန်းများတွင် “ဝ” ပြည်နယ်ဟုသာ မကြာခဏသုံးစွဲလေ့ရှိသည်။

ထို့ပြင် UWSA သည် တရုတ်အစိုးရနှင့် နီးစပ်မှုရှိပြီး တရုတ်နိုင်ငံ၏လွှမ်းမိုးမှုရှိနေသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားခဲ့ကြပြီး တရုတ်နိုင်ငံ၏ထောက်ပံ့မှုကြောင့်သာ စစ်အင်အားကြီးထွားလာခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

UWSP/UWSA အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် ဆွေးနွေးမှုများတွင်လည်း တရုတ်နိုင်ငံက အဓိက ကြားဝင်ဆောင်ရွက်ပေးနေပြီး ဧပြီ ၁၇ ရက်က ပြုလုပ်သည့် “ဝ”အဖွဲ့၏ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဂုဏ်ပြုပွဲသို့ တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန် တက်ရောက်ခဲ့သည်။

UWSA ၏ ပြည်နယ်တောင်းဆိုမှုမှာ ဆွေးနွေးညှိနှိုင်းပွဲများတွင် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ “ဝ” အထူးဒေသ-၂ အဖြစ်သာ အသိအမှတ်ပြုထားကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။

“ဒါကတော့ ဆွေးနွေးညှိနှိုင်းတဲ့ပွဲတွေမှာ ထည့်သွင်းပြီး ဆွေးနွေးရမယ့်အချက်ဆိုတာကို ကျွန်တော်တို့ ပြောတာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အငြင်းပွားမှုများ၊ ဝေဖန်သုံးသပ်မှုများရှိနေသည့် “ဝ” ပြည်နယ် တောင်းဆိုမှုနှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ၏ စစ်ရေး အင်အားပြသမှုသည် နှစ်သစ်ကူးကာလတွင် အလှုပ်ခတ်ဆုံး သတင်းတစ်ပုဒ်အဖြစ် ရှိနေခဲ့ပြီး ယင်းအခမ်းအနားကပေးလိုက်သည့် သတင်းစကားနှင့် ငြိမ်းချမ်းရေးအလားအလာများကို အစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

J-08