News

POST TYPE

NEWS

ယူအေအီး သူလျှိုများကို တူရကီဖမ်းဆီး၊ ခါရှော့ဂီအမှု ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေး
21-Apr-2019



အစ္စတန်ဘူးလ်၊ ဧပြီ ၂၀

သံသယဖြစ်ဖွယ် ယူအေအီး ထောက်လှမ်းရေးအရာရှိနှစ်ဦးကို တူရကီနိုင်ငံက ဖမ်းဆီးလိုက်သည်ဟု တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက သောကြာနေ့တွင် ကြေညာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

တူရကီနှင့် ယူအေအီးအကြား တင်းမာနေပြီးသား ဆက်ဆံရေးသည် ယခုဖမ်းဆီးမှုကြောင့် ပိုမိုဆိုးရွားလာဖွယ်ရှိသည်။ 

တူရကီသည် ဒေသတွင်းထောက်လှမ်းရေးဌာနများ၏ ပစ်မှတ်ထားခြင်းခံရသူ အာရပ်နွယ်ဖွားများ စုဝေးရာ အချက်အချာ နေရာတစ်ခု ဖြစ်နေသည်။

ဖမ်းဆီးထားသူနှစ်ဦးအား ခါရှော့ဂီ အသတ်ခံရမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေသည်ဟု တူရကီအရာရှိများက ပြောကြားသည်။ 

ယူအေအီး ထောက်လှမ်းရေးအရာရှိနှစ်ဦးကို နိုင်ငံရေးနှင့် စစ်ရေးသူလျှိုလုပ်မှု အပါအဝင် နိုင်ငံတကာ သူလျှိုမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တူရကီတာဝန်ရှိသူများက ပြောကြားသည်။

ဆော်ဒီအိမ်ရှေ့စံ ဘင်ဆော်လ်မန်ကို ပြင်းထန်စွာဝေဖန်လေ့ရှိသူ ဝါရှင်တန် ပို့စ်သတင်းထောက် ခါရှော့ဂီသည် မနှစ်က အောက်တိုဘာလက အစ္စတန်ဘူးလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရခြင်းဖြစ်ပြီး ၎င်း၏အလောင်းကို ယခုအထိ ရှာမတွေ့နိုင်သေးပေ။

ယူအေအီးနှင့် ဆော်ဒီတို့သည် အလွန်ရင်းနှီးသော မဟာမိတ်နိုင်ငံများ ဖြစ်သည်။ 

အဆိုပါ ယူအေအီး ထောက်လှမ်းရေး အရာရှိနှစ်ဦးသည် တူရကီတွင် နေထိုင်သော နိုင်ငံရေး အတိုက်အခံများ အပါအဝင် အာရပ်နွယ်ဖွားများ၏ သတင်းအချက်အလက်များကို လာရောက်စုဆောင်း ခြင်းဖြစ်နိုင်သည်ဟု တူရကီ အကြီးတန်းတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

အစ္စတန်ဘူးလ်သည် အရှေ့အလယ်ပိုင်းတစ်ခွင်မှ အတိုက်အခံ အာရပ်နိုင်ငံရေးအုပ်စုများ အထူးသဖြင့် မွတ်ဆလင် ဘရာသာဟုဒ်များ စုဝေးရာ ဗဟိုချက်နေရာ တစ်ခု ဖြစ်လာလျက်ရှိသည်။

တူရကီသမ္မတ အာဒိုဂန်၏ အာဏာရ အေကေပါတီသည် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သော မွတ်ဆလင်ဘရာသာ ဟုဒ်များနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိထားသည်။

တူရကီနှင့် ယူအေအီးအကြား ဆက်ဆံရေးသည် ဆီးရီးယား၊ ကာတာ၊ လစ်ဗျား၊ အီဂျစ်နှင့် အီရန် အရေးကိစ္စများနှင့်ပတ်သက်၍ အယူအဆ ကွဲလွဲမှုများကြောင့် တင်းမာလျက်ရှိသည်။

၂၀၁၇ ခုနှစ်တွင် ပင်လယ်ကွေ့နိုင်ငံများက ကာတာကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ တူရကီက ကာတာဘက်မှ ရပ်တည်ခဲ့ပြီး ကာတာသို့ တပ်ဖွဲ့များ စေလွှတ်ကာ ထောက်ခံမှုပြသခဲ့သည်။ 

F-04