News

POST TYPE

NEWS

စပိန်ရှိ မြောက်ကိုရီးယားသံရုံးကို စီးနင်းမှုနှင့်ဆက်စပ်သော မရင်းတပ်သားဟောင်းကို အမေရိကန်ဖမ်းဆီး
21-Apr-2019



ဝါရှင်တန်၊ ဧပြီ ၂၀

စပိန်နိုင်ငံ မက်ဒရစ်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့သောအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မရင်းတပ်သားဟောင်းကို အမေရိကန် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု နီးစပ်သော သတင်းရင်းမြစ်များက သောကြာနေ့က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ခရစ်စတိုဖာအန်းအား ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပြီး လော့စ်အိန်ဂျယ်လိစ် ဖက်ဒရယ်ခုံရုံးတွင် သောကြာနေ့က ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရှိရသည်။

ဆက်စပ်အမှုတွဲအနေနှင့် ကင်ဂျုံအန်းအား ဖြုတ်ချရန် ကြိုးစားနေသော ချီယိုလီမား ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အေဒရီယာဟောင်း၏ တိုက်ခန်းကိုလည်း ဖက်ဒရယ်လုံခြုံရေးအရာရှိများက ကြာသပတေးနေ့က စီးနင်းရှာဖွေခဲ့ကြပြီး ထိုသို့ ဝင်ရောက်စီးနင်းချိန်တွင် တိုက်ခန်း၌ အေဒရီယာဟောင်း ရှိမနေခဲ့ဟု သတင်းများက ဆိုသည်။

အမေရိကန်တရားရေးဌာနကမူ ထိုသတင်းကို မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

မက်ဒရစ်မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့သောအဖွဲ့တွင် အနည်းဆုံး ၁၀ ဦးခန့် ပါဝင်ခဲ့ပြီး သံရုံးဝန်ထမ်းများကို ဖမ်းဆီးရိုက်နှက်ကာ ပြန်လည်မထွက်ခွာမီ ဓားစာခံအဖြစ် လေးနာရီခန့် ဖမ်းဆီးထားခဲ့သည်ဟု စပိန်အာဏာပိုင်များက ပြောကြားသည်။

သံရုံးစီးနင်းသူများသည် သံရုံးမှ ကွန်ပျူတာများနှင့် ဟာ့ဒ်ဒရိုက်များကို ဖြုတ်ယူသွားခဲ့ကြပြီး အမေရိကန်သို့ ထွက်ပြေးကာ အက်ဖ်ဘီအိုင်သို့ လက်လွှဲပေးခဲ့ကြသည်ဟု စပိန်အရာရှိများက ပြောကြားသည်။

အဆိုပါကွန်ပျူတာများကို အမှုစစ်ဆေးနေသော စပိန်တရားရုံးသို့ အက်ဖ်ဘီအိုင်က ပြန်လွှဲပေးခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ပြုံယမ်းအဖွဲ့လက်သို့ ပြန်ပေး လိုက်ပြီဟု စပိန်တရားရုံးက ပြောကြားသည်။

င်္Free Joseon ဟု ခေါ်သော ကင်ဆန့်ကျင်ရေးအုပ်စုက သံရုံးစီးနင်းမှုသည် ဝင်ရောက်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သံရုံးအတွင်းသို့ ဖိတ်ခေါ်ခံရခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါဖြစ်ရပ်သည် သမ္မတထရမ့်နှင့် ခေါင်းဆောင်ကင်ဂျုံအန်းတို့အကြား ဟနွိုင်းတွင် တွေ့ဆုံခဲ့သော ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ရက်ပိုင်းအလို အရေးကြီးသောအချိန်မျိုးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုစီးနင်းမှုသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ရှုတ်ချလိုက်ပြီး နောက်ကွယ်တွင် အက်ဖ်ဘီအိုင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဌာနကမူ ဝါရှင်တန်အနေနှင့် ထိုသို့လုပ်ရန် အကြောင်းမရှိဟု ငြင်းဆိုခဲ့သည်။

သံရုံးစီးနင်းသူအဖွဲ့ထဲမှ သုံးဦးသည် သံရုံးတာဝန်ရှိသူကို မြေအောက်ထပ်သို့ ခေါ်ဆောင်ကာ မြောက်ကိုရီးယားကို သစ္စာဖောက်ရန် စည်းရုံးခဲ့ကြသည်ဟု စပိန်တရားရုံးသို့ တင်ပြချက်များတွင် ဖော်ပြထားသည်။

မက္ကဆီကို နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး အမေရိကန်တွင် နေထိုင်သူ အဆိုပါအဖွဲ့ဝင်အများစုသည် အမေရိကန်သို့ ထွက်ပြေးသွားသော်လည်း မည်သည့် နေရာတွင် ရှိနေသည်ကို မသိရသေးဟု တရားရုံးတင်ပြချက်တွင် ပါရှိသည်။

တရားခံများအား အမေရိကန် အာဏာပိုင်များက ဖမ်းဆီး၍ စပိန်သို့ လွှဲပြောင်းပေးစေရန် စပိန်တရားရုံးက ကြိုးစားလျက်ရှိသည်။ 

အမေရိကန်တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ 

F-04