News

POST TYPE

NEWS

ချင်းတွင်းသင်္ကြန်အလာ စက်လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့သူများအတွက် အမျှအတန်းပေးဝေ
20-Apr-2019


မုံရွာ၊ ဧပြီ ၂၀

မုံရွာမြို့၊ ချင်းတွင်းသဲသောင်ပြင်သင်္ကြန်သို့ လာရောက်သူများ လိုက်ပါလာသည့် စက်လှေနစ်မြုပ်မှုတွင် ကွယ်လွန်ခဲ့သူ ၁၀ ဦးအတွက် ရည်စူး၍ ယနေ့ (ဧပြီ ၂၀ ရက်) နံနက်ပိုင်းက ထန်းတောရွာရှည်မြစ်ကမ်းတွင် သံဃာတော် ၅ ပါးပင့်ဆောင်ကာ ဆွမ်းသွတ်ရေစက်ချအမျှပေးဝေမှုပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ကူးတို့လှေတိမ်းမှောက်မှုတွင် ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာအုပ်စု၊ ရုန်းပင်ရိုးအုပ်စု၊ တောင်ကြားအုပ်စု၊ ဆားထုံးအုပ်စုနေထိုင်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ကျန်ရစ်သူမိသားစုများက စုပေါင်းကာ ဆွမ်းသွပ်အမျှဝေခြင်းကို နံနက် ၈ နာရီခန့်က ထန်းတောစက်လှေဆိပ်တွင်ပြုလုပ်ခဲ့ကြောင်း ဖောင်းကတာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရွှေက ပြောကြားသည်။

“သေသူတွေရဲ့ မိသားစုတွေစုပြီး ထန်းတောရွာရှည် အုပ်ချုပ်ရေးမှူးက ဦးဆောင်လုပ်ပေးတာပါ။ အမျှအတန်းပေးဝေ ရေစက်ချတယ်။ သေသူတွေအတွက် ထောက်ပံ့ပေးတာ မရှိသေးဘူး၊ မိသားစုကပဲ ကုန်ကျခံရတယ်”ဟု ၎င်းကဆိုသည်။

သင်္ကြန်ကာလအတွင်း မြစ်အနောက်ဘက်ခြမ်းမှ သင်္ကြန်ပွဲတော် ကျင်းပရာနေရာသို့ လာရောက်လည်ပတ်သူ ဦးရေသောင်းချီရှိပြီး စက်လှေများ အသုံးပြုသွားလာရာမှ ယင်းသို့ တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

R-08