News

POST TYPE

NEWS

စစစ ညွှန်ကြားရေးမှူး၏ နေအိမ် ဖောက်ထွင်းခံရမှု ရွှေထည်နှင့်ငွေများ ပြန်လည် သိမ်းဆည်ရမိ၊ ဖောက်ထွင်းကျူးလွန်သူ ထွက်ပြေးလွတ်မြောက်
19-Apr-2019

မော်လမြိုင်၊ ဧပြီ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏ နေအိမ်ကို ဖောက်ထွင်းသွားသော ကျူးလွန်သူ ရဲမင်းပိုင်နေအိမ်မှ ရွှေထည်ပစ္စည်း ၉၇ မျိုး၊ မြန်မာကျပ်ငွေ သိန်း ၅၀နှင့် ထိုင်းဘတ် ၆၆၉၃ ဘတ်ကို ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီခန့်က ရှာဖွေသိမ်းဆည်းခဲ့ပြီး ဖောက်ထွင်းကျူးလွန်သူ ရဲမင်းပိုင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်၊ ခြောက်မိုင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို ဝင်ရောက် ဖောက်ထွင်းထားသော CCTV မှတ်တမ်းအရ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏နေအိမ်ကို ဖောက်ထွင်းခဲ့သော ရဲမင်းပိုင်ဆိုသူကို စတင် ခြေရာခံနိုင်ခြင်းဖြစ်သည်။

မွှန်ပြည်နယ် မှုခင်းအကူအဖွဲ့မှ ဒုရဲမှူးလင်းထူး၊ ရဲအုပ်ထွန်းမင်းလတ်နှင့်အဖွဲ့၊ မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်ဇော်ဝင်းအောင်၊ ရဲအုပ်ဇော်ထိုက်၊ ဒုရဲအုပ်ဝေမင်း၊ အမှုစစ်အဖွဲ့၊ မုပွန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းမင်းထွန်း ဦးစီးအဖွဲ့တို့က ရဲမင်းပိုင်နေထိုင်ရာ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမ၊ ဘောလုံးကွင်း ဇွဲကပင်ခြံ (မုပွန်သင်္ချိုင်းအနီး) နေအိမ်အား သွားရောက်ရှာဖွေရာ ရဲမင်းပိုင်မှာ WAVE I အမျိုးအစား ဆိုင်ကယ်နှင့် ထွက်ပြေး တိမ်းရှောင်သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ ရဲမင်းပိုင်၏ ဇနီးဖြစ်သူ မဇာဇာအောင် (ခ) မလိမ္မာထံမှ ရွှေထည်ပစ္စည်းနှင့် ငွေသားများ ပြန်လည် သိမ်းဆည်းခဲ့ပြီး ရွှေလက်ကောက် နှစ်ကွင်းကို ဖောက်ထွင်းသူ ရဲမင်းပိုင်၏ နေအိမ်ကပ်လျက်တွင် နေထိုင်သော လှနိုင်နှင့် ဇနီးဖြစ်သူ အိအိစံ ပိုက်ဆံအိတ်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

မဇာဇာအောင်၊ လှနိုင်နှင့် အိအိစံကို မုပွန်နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိပြီး ဖောက်ထွင်းသူ ရဲမင်းပိုင်ကို ဖမ်းဆီးရမိရေးအတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။