News

POST TYPE

NEWS

မြိုင်တွင် လေပြင်းကြောင့် လူနေအိမ် တစ်ရာကျော်ပျက်စီး
19-Apr-2019
မကွေး၊ ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ဧပြီလ ၁၈ ရက်နေ့ ညနေ (၄)နာရီခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ အပါအဝင် လူနေအိမ် (၁၃၀) ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ထိုသို့လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ အုပ်စုကျေးရွာများဖြစ်သည့် တောင်ဘို့၊ ရွှေလင်းဆွဲ၊ သမင်ချောက်နှင့် ဌေးအောင်ကျေးရွာအုပ်စုအတွင်းရှိ အိမ် (၁၁၁) လုံး အမိုးလန်ခဲ့ပြီး၊ လူနေအိမ် (၁၅) လုံးပြိုကျကာ ဘုန်းကြီးကျောင်းဆောင် (၃) ခု အမိုးလန်ပြီး၊ ကျောင်းဆောင် (၁) ခုလည်း ပြိုကျခဲ့သည်။
 
ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြိုကျသည့် နေအိမ်တစ်လုံးလျှင် ကျပ် (၁) သိန်းနှုန်းနှင့် အမိုးလန်သည့် နေအိမ်များအတွက် ပျက်စီးမှုအတိုင်း ပြန်လည်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်/ထောက် ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၃၉) သိန်းကျော်၊ ဆန်အိတ်ဖိုး ကျပ် (၁၁) သိန်းကျော်နှင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံးလျှင် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးနှင့် အမိုးလန်သည့် အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ထောက်ပံ့လျှက်ရှိသည်။

အလားတူ ဧပြီ ၁၇ ရက်နေ့ကလည်း ပေါက်မြို့နယ်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းများနှင့် လူနေအိမ် (၁၀၆) လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

R-23