News

POST TYPE

NEWS

ကျပ်တစ်သောင်းတန် အတုကိစ္စ အမှုရင်ဆိုင်နေရသူ နော်သောသွဲ့ထူးကို တရားရှင်လွတ်မြောက်
18-Apr-2019

တောင်ငူ၊ ဧပြီ ၁၈

စင်ကာပူ အလုပ်ရှင် လုပ်ခလစာအဖြစ် ပေးလိုက်သော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲမှုဖြင့် ဒိုက်ဦးမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသူ နော်သောသွဲ့ထူးကို ယနေ့ မွန်းလွဲပိုင်းတွင် အမှုမှ တရားရှင် လွတ်ပေးလိုက်သည်ဟု ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

“ဒိုက်ဦးတရားရုံးက စွဲချက်တင်ဖို့ မသင့်ကြောင်း အမိန့်ချလိုက်တာပါ။ ဖမ်းဆီးရမိပြီး ငါးလနီးပါးအကြာမှာမှ လွတ်မြောက်လာတာပါ။ တရားရှင်ကိစ္စကတော့ တရားရုံးက ပိုသိပါလိမ့်မယ်”ဟု ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့က စင်ကာပူနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ပြန်လာသော ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် လယ်ကြားမြောင်ကျေးရွာတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် နော်သောသွဲ့ထူးသည် အလုပ်ရှင်က လဲလှယ်ပေးလိုက်သည့် မြန်မာကျပ်ငွေ တစ်သောင်းတန် ရွက်ရေ ၃၀၀ နီးပါးခန့်ကို ဒိုက်ဦးမြို့နယ် လယ်ကြားမြောင်ရွာ ကုန်စုံဆိုင်များတွင် သုံးစွဲနေသည်ဟုဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ အသိပေးချက်အရ တာဝန်ရှိသူများကိုအပ်နှံရန် ကြိုးပမ်းနေစဉ် ဒီဇင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဒိုက်ဦးမြို့နယ်တရားရုံးတွင် ယနေ့ မွန်းလွဲပိုင်းက ရုံးထုတ်စစ်ဆေးစဉ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၁) အရ အပြစ်မရှိကြောင်း ပေါ်လွင်ထင်ရှားသည့်အတွက် တရားသူကြီးက စွဲချက်မတင်ဘဲ အမှုမှ တရားရှင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ တရားစွဲဆိုခံထားရစဉ်အတွင်း စင်ကာပူနိုင်ငံမှ နော်သောသွဲ့ထူး၏ အလုပ်ရှင်ဖြစ်သူက ငွေကျပ် သိန်းသုံးဆယ်နီးပါး ပြန်လည် ပေးအပ်ခဲ့သည့်အပြင် ကနဦး စွဲဆိုခံထားရသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အက်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နှစ်ခုအနက် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရနိုင်သော ပုဒ်မ ၁၀၆ ကိုလည်း စွဲချက်တင်ရန်မသင့်ကြောင်း ပဲခူးခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

R-15