News

POST TYPE

NEWS

အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန် တန်ချိန် ၁၈၀၀၀ ဖျက်ဆီးခံရမှု စုံစမ်းဖော်ထုတ်မည်
18-Apr-2019

ရန်ကုန်၊ ဧပြီ ၁၈

အာဖရိကနိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန် တန်ချိန် ၁၈,၀၀၀ ဖျက်ဆီးခဲ့ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် အချက်အလက်ပြည့်စုံစွာ စုံစမ်းဖော်ထုတ်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူသွားသည့် စင်ကာပူကုမ္ပဏီထံ ဖျက်ဆီးပစ်သည့် ဆန်များတွင် စစ်ဆေးတွေ့ရှိချက်များနှင့် ဖျက်ဆီးပစ်ရသည့် အကြောင်းရင်းကို ဆက်သွယ်မေးမြန်းထားကြောင်း ဆန်စက် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“၂၀၁၈ လေးလပိုင်းကတည်းက ဝယ်ထားတဲ့ဆန်ကို ကိုးလပိုင်းမှ တင်သွားတာ။ သူဝယ်တုန်းက တစ်တန်ကို ကန်ဒေါ်လာ ၃၄၀ တင်သွားတဲ့အချိန်မှာ ၂၈၀ ပဲ ရှိတော့တယ်။ အဲဒီမှာ တစ်တန်ကိုဒေါ်လာ ၆၀ လောက် ကွာနေပြီ။ သူတို့က ကုန်သည်သဘောအရ ဒီက ကုမ္ပဏီဘက်ကို အရည်အသွေး မပြည့်မီဘူး၊ အလေးချိန် လျော့တယ်ဆိုပြီး အမျိုးမျိုးညစ်တယ်”ဟု ၎င်းကပြောဆိုသည်။

ဆန်ရောင်းချသည့် မြန်မာကုမ္ပဏီများထံ အရည်အသွေးနှင့် အလေးချိန် မပြည့်မီကြောင်း ပြန်လည် ပြောဆိုခဲ့ပြီး မြန်မာကုမ္ပဏီများက ဆန်ပြန်သယ်လာရန် ပြောဆိုခဲ့ကာ နောက်ဆုံးတွင် ညှိနှိုင်း၍မရသဖြင့် ဆန်များကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ယင်းဆန်ကို စင်ကာပူနိုင်ငံမှ ကြားခံကုမ္ပဏီတစ်ခုက ဝယ်ယူသွားခြင်းဖြစ်သည်။

ယခုကဲသို့ ဆန်တန်ချိန်ထောင်ချီ ဖျက်ဆီးခံရမှုကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှုဈေးကွက်အတွက် ကြီးမားစွာ သက်ရောက်မှုရှိလာမည်ဖြစ်ရာ ဖျက်ဆီးပစ်ရသည့် အကြောင်းရင်းများကို ရက်ပိုင်းအတွင်း အချက်အလက် ပြည့်စုံစွာဖြင့် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦးထင်ဇော်လှိုင်က ပြောဆိုသည်။

မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ ဖျက်ဆီးခံရသည်ဟု မူရင်းသတင်းတင်ပြသည့် BBC သတင်းထောက်နှင့် ထပ်ဆင့်တင်ပြသည့် African News Agency တို့ကိုလည်း ဆက်သွယ်ထားပြီး ယင်းနိုင်ငံကို ဆန်ရောင်းပေးသည့် ပြည်တွင်းကုမ္ပဏီများကိုလည်း စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် ဆိပ်ကမ်းအရောက် (FOB) စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းအပေါ်၊ သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြပြီး ဆန်ဝယ်ယူသူများသည် သင်္ဘောအပေါ် အချိန်မှန် ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (Long Storage) ဖြစ်ပေါ်၍ အရည်အသွေး ထိခိုက်နိုင်ကြောင်း၊ ယခုဖျက်ဆီးခံရမှုမှာ ယေဘုယျအားဖြင့် အာဖရိကနိုင်ငံလေးနိုင်ငံအထိ ကုန်မချနိုင်ဘဲ့ လှည့်ပတ်နေရသည့်အတွက် ကြာမြင့်စွာ သိုလှောင်မှု ပြဿာနာပင်ဖြစ်နိုင်ပြီး ဆန်ဝယ်ယူသူများသည် ယခုကိစ္စတွင် အဓိကတာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ကြောင်း ဦးရဲမင်းအောင်က သုံးသပ်သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် မြန်မာ့ဆန် အရည်အသွေး စံချိန်စံညွှန်းကိစ္စကို နိုင်ငံတကာ အဆင့်မီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပတင်ပို့သူ (Exporter) များနှင့် သင်္ဘောမတင်မီနှင့် တင်စဉ် စစ်ဆေးရသည့် Third Party Inspection Agency များအနေဖြင့်လည်း ထိရောက်စွာ၊ တိကျစွာဖြင့် အရည်အသွေးပိုင်းတွင် စီမံဆောင်ရွက်သွားရန် နည်းလမ်းများ ရှာဖွေလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။

မြန်မာနိုင်ငံကတင်ပို့သည့် ဆန်တန်ချိန် ၁၈၀၀၀ ကို လူများ စားသုံးရန်မသင့်ဟုဆိုကာ အိုင်ဗရီကို့စ်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ဆိပ်ကမ်းမှ ထရပ်ကားများနှင့်တင်ဆောင်၍ စွန့်ပစ်ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

J-11