News

POST TYPE

NEWS

အမေရိကန် တောင်ပိုင်းပြည်နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်၊ လူရှစ်ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရ
16-Apr-2019


နယူးယောက်၊ ဧပြီ ၁၆

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်များတွင် လေဆင်နှာမောင်းများ တိုက်ခတ်မှုနှင့် မုန်တိုင်း ၀င်ရောက်မှုတို့ကြောင့် လူရှစ်ဦး အသက်သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

မစ်ဆစ္စပီ၊ တက္ကဆက်၊ လူဝီဆီးနီးယား၊ အိုဟိုင်းအိုး၊ တောင်ကာရိုလိုင်းနားနှင့် ဗာဂျီးနီးယားပြည်နယ်တို့သည် လေဆင်နှာမောင်းနှင့် မုန်တိုင်းဒဏ်တို့ကို ဆိုးရွားစွာ ခံစားနေရပြီး အရှေ့ဘက်ကမ်းရိုးတန်းဒေသကို ဗဟိုပြုတိုက်ခတ်သည့်မုန်တိုင်း ၀င်ရောက်မလာမီတွင် တောင်ပိုင်းပြည်နယ်များအနက်မှနေ၍ ပြည်နယ်သုံးခု၌ တိုက်ခတ်ခဲ့သော လေဆင်နှာမောင်း အကြိမ်အရေအတွက်မှာ အနည်းဆုံး ၁၁ ကြိမ် ရှိခဲ့သည်။

တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မိသားစုဝင်လေးဦး လိုက်ပါစီးနင်းလာသော ကားပေါ်သို့ သစ်ပင်ပြိုလဲကျခဲ့ပြီး ကားရှေ့ခန်းတွင် လိုက်ပါစီးနင်းလာခဲ့သော မိဘနှစ်ဦး ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့သော်လည်း ကားနောက်ခန်းတွင် လိုက်ပါစီးနင်းလာခဲ့သော ရင်သွေးနှစ်ဦးကမူ အသက်ဆုံးရှုံးသွားခဲ့ရသည်။

လက်ရှိအချိန်တွင် တောင်ပိုင်းပြည်နယ်များ၌ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားနေပြီး ယင်းအတွက် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့ကို အတိအကျ စာရင်းကောက်နိုင်ရန် မလွယ်ကူနိုင်သော အခြေအနေဖြစ်နေကြောင်း အမေရိကန် အစိုးရအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။