News

POST TYPE

NEWS

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို တပ်မတော်က အမှုဖွင့်
16-Apr-2019


တောင်ငူ၊ ဧပြီ ၁၆

တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသော စာသားအချို့ ပါဝင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ်ခဲ့သည်ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဇေယျာလွင်က ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ဘုရင့်နောင်ကားဝင်းတွင် ဒေါင်တို့မျိုးဆက် သံချပ်အဖွဲ့က ဖြေဖျော်မှုများပြုလုပ်စဉ် လူမှုကွန်ရက်စာမျက်နှာပေါ် လွှင့်တင်ခဲ့ပြီး အဆိုပါ သံချပ်စာသားအချို့သည် တပ်မတော်၏ဂုဏ်သိက္ခာကို ထိပါစေသည်ဟုဆိုပြီး ယမန်နေ့ ညက မရမ်းကုန်းရဲစခန်း၌ အမှုဖွင့်လှစ်ခံခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို သူတို့ဘက်က ပြောတာတော့ လူမှုကွန်ရက်ပေါ် တက်လာတဲ့ သံချပ်ထိုးတဲ့ရုပ်သံဖိုင်မှာ တပ်ရဲ့ဂုဏ်သိက္ခာ ထိပါစေတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ မူလအတိုင်းပဲ ဆက်လက်ဖြေဖျော်တင်ဆက်မှုတွေ ပြုလုပ်သွားမှာပါ”ဟု ကျောင်းသားသမဂ္ဂဟောင်း တစ်ဦးလည်းဖြစ်သူ ကိုဇေယျာလွင်က ထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မရမ်းကုန်း နယ်မြေရဲစခန်းက ဧပြီလ ၁၅ ရက်နေ့က ခေါ်ယူခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင်များကို ရဲစခန်းတွင် ထိန်းသိမ်းသည့်အနေအထားဖြင့် ဖြေရှင်းခဲ့ရကာ ယနေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့က အာမခံပေးခဲ့ပြီးနောက် ပြန်လည် ထွက်ခွာခွင့်ရရှိခဲ့သည်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လတ်တလောတွင် တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ခံထားရသူ လေးဦးရှိနေပြီး အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ဇေယျာလွင်၊ ပိုင်ရဲသူ၊ ဒီရေ၊ ဆုရတနာမြင့်တို့ ပါဝင်နေသော်လည်း ဆက်လက်ဖြေဖျော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်များကဆိုသည်။

ဧပြီလ ၁၅ ရက်နေ့က သံချပ်စာသားများ စိစစ်ရေးမတင်သည့် ဒေါင်းတို့မျိုးဆက် အပါအဝင် သံချပ်အဖွဲ့များ တောင်ဥက္ကလာပမြို့နယ် ရွှေကြာယံပန်းခြံတွင် စုပေါင်းဖြေဖျော်ခဲ့ကြပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဖြေဖျော်ရန်သွားရောက်စဉ် လူစုလူဝေးနှင့် တားဆီးပိတ်ဆို့ရန်ပြုခြင်း ခံခဲ့ရသေးသည်ဟု အဆိုပါ သံချပ်အဖွဲ့ခေါင်းဆောင်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် သံချပ်ထိုးမည့်အဖွဲ့များကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က သံချပ်စာသားများ ကြိုတင်စိစစ်ခံရန် အသိပေးထုတ်ပြန်မှုပြုခဲ့သော်လည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လိုက်နာရန်ငြင်းဆန်ခဲ့သည်။

R-15