News

POST TYPE

NEWS

နှစ်ပေါင်း ၈၅၀ သက်တမ်းရှိ နော်တာဒိန်း ဘုရားရှိခိုးကျောင်း မီးလောင်ပျက်စီး၊ အမြန်ဆုံး ပြန်လည် တည်ဆောက်သွားမည်ဟု သမ္မတ မက်ခရွန် ကတိပြု
16-Apr-2019


ပဲရစ်၊ ဧပြီ ၁၆

ပြင်သစ်နိုင်ငံ၏အထင်ကရ သမိုင်းဝင်လက်ရာတစ်ခုဖြစ်သော ပဲရစ်မြို့ရှိ နော်တာဒိန်း ဘုရားရှိခိုးကျောင်းကြီးသည် ကြီးမားပြင်းထန်လှသည့် မီးလောင်မှုကြီးကြောင့် အလုံးစုံနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

နော်တာဒိန်း ဘုရားရှိခိုးကျောင်းကြီးသည် အလယ်ခေတ် ဂေါ့သစ် ဂျာမန်ဗိသူကာလက်ရာပုံစံဖြင့် တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်းကြီးဖြစ်ပြီး အဓိက အဆောက်အအုံနှင့် ခေါင်းလောင်းမျှော်စင် နှစ်ခုကမူ မီးဘေးအန္တရာယ်မှနေ၍ ကင်းလွတ်ခဲ့ကြောင်း ပဲရစ်မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ထားသည်။

နော်တာဒိန်း ဘုရားကျောင်းကြီးသည် ယမန်နေ့ည ပြင်သစ်စံတော်ချိန် ညခြောက်နာရီခွဲအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကူးမှု လွန်စွာ ပြင်းထန်ခဲ့ခြင်းကြောင့် အချိန်ပိုင်းအတွင်း၌ပင် မီးညွန့်မီးလျှံများမှာ ခေါင်မိုးကိုဖောက်၍ ထွက်သွားခဲ့ကြသည်။

ပြင်သစ်နိုင်ငံ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျင်းန်ကလော်ဒီ ဂယ်လ်လက်သည် မီးသတ်သမား ၅၀၀ ကျော်ကို ဦးစီးကွပ်ကဲ၍ မီးသတ်နိုင်ရန် ကြိုးပမ်းခဲ့ရပြီး လေးနာရီကျော်ကြာ ငြိမ်းသတ်အပြီးတွင် မီးတားနိုင်သောအဆင့်သို့ ရောက်သွားခဲ့ကြောင်း ဂယ်လ်လက်က ပြောကြားထားသည်။

မီးသတ်သမားများသည် မီးညွန့်ကျိုး၍ စိတ်ချရသော အခြေအနေသို့ ရောက်သည်နှင့် ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ကာ အနုသုခမလက်ရာပစ္စည်းများကို အပြင်သို့ သယ်ထုတ်နိုင်ရန် ဆက်လက်ကြိုးပမ်းခဲ့ကြရပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း ပြင်သစ်မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ နော်တာဒိန်းဘုရားကျောင်းကို ရှေးမူလက်ရာများဖြင့် အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရန် စီစဉ်ဖွယ်ရှိသည်များကို စီစဉ်သွားတော့မည်ဖြစ်ကြောင်း သတင်းမီဒီယာများကတစ်ဆင့် အသိပေးလိုက်ပြီဖြစ်ပြီး နော်တာဒိန်းဘုရားကျောင်းကို ယင်းသို့ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာပညာရှင်များထံမှနေ၍ အကြံဥာဏ်တောင်းခံမှုများ အလျင်အမြန် ဆောင်ရွက်ကြရန်လည်း တာဝန်ရှိသူများကို သမ္မတ မက်ခရွန်က ညွှန်ကြားချက်များ အသီးသီး ပေးအပ်သွားခဲ့ပြီလည်းဖြစ်သည်။