News

POST TYPE

NEWS

ဇီဝိတဒါန ငါးလွှတ်နိုင်ရန် ငါးသားပေါက်များ ရောင်းချပေးမည်
16-Apr-2019

ရန်ကုန်၊ ဧပြီ ၁၅

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်များ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုနိုင်ရန်အတွက် ယင်းနေ့တွင် ငါးကျည်း၊ ရွှေဝါငါးကြင်း၊ ရောင်စုံငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမနှင့် တီလားပီးယားငါးသားပေါက် (၁” မှ ၄”) အရွယ်အစားများကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ငါးသားပေါက်များကို နေပြည်တော်ရှိ ရေဆင်းငါးလုပ်ငန်းစခန်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ သွေးဆေးကန်၊ ကမ္ဘာအေးကုန်းမြေ၊ မင်္ဂလာကန်တော်ကြီး၊ စွယ်တော်မြတ်စေတီတော်၊ သာဓုကန်ဘုရား၊ မန္တလေးမြို့ရှိ ကျုံးမြို့ရိုးဘေး ၂၆ လမ်း ၆၆/ ၆၇ လမ်းကြား၊ ၂၆ လမ်း ၇၀/၇၁ လမ်းကြား၊ ပဲခူးမြို့ရှိ ရွှေသာလျောင်းဘုရားကြီး၊ လိပ်ပြာကန်၊ ဟင်္သာတမြို့ရှိ ဦးပါရဲဘုရား၊ မအူပင်မြို့ရှိ ပေါ်တော်မူဘုရားရှေ့၊ စိမ်းမြကန်သာဘုရားအရှေ့တို့တွင် ရောင်းချပေးမည်ဖြစ်သည်။

ထို့ပြင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမရှေ့၊ ဗန်းမော်မြို့ရှိ ဗန်းမော်ငါးလုပ်ငန်းစခန်း၊ ဝိုင်းမော်မြို့ရှိ ဆုတောင်းပြည့်ဘုရားအနီး၊ မြစ်ကြီးနား၊ ရွှေဘိုမြို့ရှိ မြို့မဈေးထိပ်တို့တွင်လည်း ရောင်းချပေးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ဇီဝိတဒါနငါးလွှတ်ရာတွင် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည့် အာဖရိက ငါးခူသားပေါက်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ဘေးမဲ့လွှတ်ခြင်းများ မပြုလုပ်ကြရန် နှိုးဆော်ထားသည်။

J-11