News

POST TYPE

NEWS

သင်္ကြန်၂ ရက်အတွင်း ချင်းတွင်းမြစ်၌ ရေနစ်သေဆုံးသူ ၆ ဦးအထိရှိ
15-Apr-2019

မုံရွာ၊ ဧပြီ ၁၅

မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း အကျနေ့နှင့် အကြတ်နေ့ နှစ်ရက်၌ ရေနစ်သေဆုံးသူ ၆ ဦး အထိရှိခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ချင်းတွင်းသင်္ကြန်ကျင်းပရာ သောင်ပြင်တွင် သတ်မှတ်ဧရိယာပြင်ပတွင် သင်္ကြန်အကျနေ့၌ ရေကူးရင်းရေနစ်သူ အမျိုးသား သုံးဦးမှာ ကယ်ဆယ်ရေးက ရှာဖွေတွေ့သော်လည်း နှစ်ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး တစ်ဦးမှာ ယနေ့ နံနက်တွင် အလောင်းတွေ့ကာ လိပ်စာမသိရကြောင်း၊ ထို့ပြင် အကြတ်နေ့ နံနက်ပိုင်းက သင်္ကြန်ဇက်ဆိပ်မှထွက်သည့် လှေမှောက်သဖြင့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ယင်းမာပင်မြို့နယ်မှ အသက် ၂၀ နှစ် အမျိုးသားမှာလည်း ယနေ့နံနက်ပိုင်းကရေကူးရာမှ ရေနစ်သေဆုံးခဲ့သည့်အပြင် ယနေ့ မွန်းလွဲပိုင်းတွင်လည်း အမျိုးသားတစ်ဦး ထပ်မံ ရေနစ်သေဆုံးခဲ့ကြောင်း ဆေးရုံအရေးပေါ်ဌာနထံမှ သိရသည်။

“ရေကူးသူတွေက သတ်မှတ်ဧရိယာ အပြင်ဘက် ထွက်ချိုးရင်းဖြစ်ကြတယ်၊ နစ်တယ်ကြားလို့ သွားဆယ်တော့ အလောင်းပဲရတယ်။ မြစ်ရေကတိုးနေပြီး ရေစီးသန်နေတယ်”ဟု ချင်းတွင်းသင်္ကြန်၌ ကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ဆားလင်းကြီးမြို့နယ်မှ ချင်းတွင်းသင်္ကြန်သို့လာရန် ဇက်နှစ်စီး ပြေးဆွဲနေသော်လည်း ကြားထွက်သည့် သစ်သားခွံစက်လှေမှာ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လူ ၄၀ တင်ဆောင်ပြီး ဇက်ဆိပ်မှထွက်ခွာစဉ် မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ၃၆ ဦးကိုဆယ်ယူနိုင်ကာ မုံရွာဆေးရုံကြီးကို လူနာ ၆ ဦး ရောက်ရှိလာပြီး ဆားလင်းကြီးမှ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

R-08