News

POST TYPE

NEWS

သင်္ကြန်ထွက်လည်သည့် ဆိုင်ကယ်နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး
15-Apr-2019

ဟင်္သာတ၊ ဧပြီ ၁၅

ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ခင်ပြည့်ကျေးရွာထိပ်၊ ရှမ်းစု ဇလွန်သွားကားလမ်းတွင် ဧပြီလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်က သင်္ကြန်ရေဆော့ကစားရန် ထွက်လာသည့် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းနေ့က ဇလွန်မြို့နယ်၊ ပက်တန်းကျေးရွာတွင်နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကျော်ရဲဦးဆိုသူက ဆိုင်ကယ်ကို မောင်းနှင်လာပြီး ကော့ကပ်ရွာတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မိုးဝင်းကျော်က လိုက်ပါလာကြောင်း၊ ယင်းနောက် ကျုံပျော်မြို့နယ် ကျုံဝင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် နေမင်းထက်က စိုင်းသီဟ၊ စောနေလင်းထက်တို့ကို တင်ဆောင်၍ ဆိုင်ကယ်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကာ ကျော်ရဲဦးမှာသေဆုံးခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် နေမင်းထက်မောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အသက် ၁၆ နှစ်အရွယ် စိုင်းသီဟဆိုသူမှာ ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်မောင်းနှင်သူ နေမင်းထက်ကို ကော့ကပ်နယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ )၇/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ - က/ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်ထားကာ အမှုဖွင့်ခံရသူ နေမင်းထက်မှာလည်း ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-13