News

POST TYPE

NEWS

မကွေးလမ်းလျှောက်သင်္ကြန်တွင် စတုဒီသာများ နေ့စဉ်ကျွေးမည်
12-Apr-2019


မကွေး၊ ဧပြီ ၁၂

မကွေးမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် လမ်းလျှောက်သင်္ကြန်တွင် စတုဒီသာကို နေ့စဉ်ကျွေးမွေးပြီး အချိုရည်များလည်း တိုက်ကျွေးသွားမည်ဟု မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း နံနက် ၉ နာရီခွဲမှစတင်က ၁၂ နာရီဝန်းကျင်ခန့်အထိ လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ်ကြီးများတွင် လူဦးရေ ၇၀၀၀ ကျော်အတွက် ထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် မုန့်ဟင်းခါးများကို တစ်နေ့လျှင် တစ်မျိုးစီ ကျွေးမွေးသွားမည်ဖြစ်ပြီး၊ ညနေပိုင်းတွင် အချိုရည်များလည်း တိုက်ကျွေးသွားမည်ဖြစ်သညိ။

“ပြည်သူတွေကို အေးအေးချမ်းချမ်းနဲ့ သင်္ကြန်ပွဲတော်မှာ ပျော်ရွှင်စေချင်ပါတယ်။ သူတို့ပေါ့ပေါ့ပါးပါးနဲ့ရေကစားဖို့အတွက် အန္တရာယ်ကင်းအောင်လည်း လုပ်ပေးထားပါတယ်”ဟု မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက ဆိုသည်။

မကွေး လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရန်အတွက် ယမန်နှစ် လမ်းလျှောက်သင်္ကြန်ကျင်းပရန်အတွက် ပြည်သူများ လှူဒါန်းထားသည်မှ ပိုလျံငွေ ကျပ်သိန်း (၂၅၀) ကျော်၊ ယခုနှစ်တွင်အစိုးရအဖွဲ့ ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀)နှင့် ပြည်သူများ၏ ထောက်ပံ့ငွေ ကျပ် (၂၇၄) သိန်းကို လိုအပ်သလို အသုံးပြုသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

မကွေးမြို့ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်အတွင်း မဏ္ဍပ်ကြီး (၃) ခု၊ ဗဟိုမဏ္ဍပ်၊ ပြည်တော်သာလမ်းတွင် မဏ္ဍပ်ကြီး (၄)ခု၊ တိုင်းပညာရေး ကိုယ်စားပြုမဏ္ဍပ် (၂) ခု၊ တပ်မ (၈၈) ရှေ့တွင် (၁) ခုနှင့် မဲထီးလမ်းမကြီးပေါ်တွင် (၁) ခု စုစုပေါင်း မဏ္ဍပ်ကြီး (၁၂) ခုဖြင့် စည်းကားအောင် ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-23