News

POST TYPE

NEWS

မန်းရွှေစက်တော်ဘုရားကြီးတွင် စက်လှေကားနှင့် ဓာတ်လှေကား တပ်ဆင်မည်
10-Apr-2019


ချောက်၊ ဧပြီ ၉

အညာဒေသတွင် ရက်အကြာဆုံး ဘုရားပွဲတော်ဖြစ်သည့် မန်းရွှေစက်တော်ဘုရားကြီးတွင် စက်လှေကားနှင် ဓာတ်လှေကားများတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယင်းဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။

မြန်မာပြည် အနယ်နယ် အရပ်ရပ်က မန်းရွှေစက်တော်ဘုရားကြီးသို့ လာရောက်ဖူးမျှော်သော ဘုရားဖူးပြည်သူများမှာ သက်ကြီးရွယ်အိုးများ၊ မသန်စွမ်းများနှင့် ကျန်းမာရေး အားနည်းသူများ လွယ်ကူစွာ တက်ရောက်ဖူးမြှော်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ယင်းဘုရားကြီးဂေါပကအဖွဲ့ လုပ်ငန်းကော်မတီတို့ကစဉ်းစားပြီး တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ယင်းဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းက ပြောကြားသည်။

ယင်းဘုရားကြီးတွင် စက်လှေကားနှင့် ဓာတ်လှေကား တပ်ဆင်မှုကို ပထမအဆင့်အဖြစ် သုံးထပ်ဗိမ္မာန်အခြေ နှစ်ကျိတ်ရှစ်ဆူဘရား ကားကွင်းမှ ကိုးခန်းကြီးဆောင်းတန်းအထိ ဓာတ်လှေကား တပ်ဆင်ခြင်းနှင့် ကိုးခန်းကြီးဆောင်းတန်းမှ အထက်စက်တော်တက်သည့် မတ်စောက်လှေခါးအထိကို ရွေ့လျားစက်လှေကား တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဟု ယင်းဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ် ယင်းဘုရားကြီးပွဲတော်မတိုင်ခင် အပြီးလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲမည့် ဘတ်ဂျတ်အနေထားနှင့် ဆောင်ရွက်နိုင်မှု အခြေအနေပေါ် မူတည်ပြီး တစ်နှစ်ခြင်းအလိုက် ထပ်မံ စက်လှေကား ထပ်မံတပ်ဆင်ခြင်းလုပ်ငန်းနှင့် ယင်းဘုရားကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းက ဆက်လက်ပြောဆိုသည်။

ယင်းဘုရားကြီးသွားလမ်းပေါ်ရှိ လှေတင်တံတားကြီး တည်ဆောက်ပြီးစီး၍ ၁၂ ရာသီပတ်လုံး ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော်နိုင်ရန်အတွက် စားသောက်ဆိုင်များ၊ တည်းခိုးခန်းများ၊ ဟိုတယ်များ ထားရှိနိုင်ရန်အတွက် တိုင်းတာရေးအဖွဲ့ ၃ ခုဖြင့် ဒီဇိုင်းရေးဆွဲခြင်း၊ တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရွှေစက်တော်ဘုရားပွဲတော်သည် မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ဘုရားပွဲတော်ကို (၂) လခန့် ကျင်းပလေ့ရှိပြီး ဝါထပ်ပါက (၃) လခန့်ကျင်းပလေ့ရှိသည်ဟု မင်းဘူးမြို့ဒေသခံတစ်ဦးက ပြောပြသည်။

မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပခဲ့သည့် သက်တမ်းတစ်လျှောက်မှ ၂၀၁၆ ခုနှစ် ပွဲတော်ကျင်းပပြီးသည့်အချိန်ထိ ရန်ပုံငွေ ကျပ်သိန်းပေါင်း သုံးသောင်း ခုနစ်ထောင်ကျော်နှင့် ရွှေစင်ရွှေသား နှစ်ပိဿာနှင့် ရှစ်ကျပ်သားရရှိခဲ့ပြီး အစိုးရသစ်လက်ထက် အသစ်ဖွဲ့စည်းလိုက်သည့် အရပ်သားဂေါပကများလက်ထက်၌ ၂၀၁၇ ခုနှစ်ပွဲတော်တွင် ကျပ်သိန်းပေါင်း တစ်သောင်း နှစ်ထောင်ကျော် ၂၀၁၈ ခုနှစ် ပွဲတော်အပြီးတွင် ကျပ်သိန်းပေါင်း နှစ်သောင်း ခြောက်ထောင်ကျော်ရရှိခဲ့ကြောင်း မန်းရွှေစက်တော်ဂေါပကဥက္ကဋ္ဌဟောင်း ဦးသိန်းလှိုင်ထံမှ သိရသည်။

R-24/23