News

POST TYPE

NEWS

လျှပ်စစ်အင်ဂျင်နီယာတစ်ဦး တောင်ငူမြို့လယ်ခေါင်တွင် ဓားဖြင့်ထိုးသတ်ခံရ
26-Mar-2019

တောင်ငူ၊ မတ်၂၆

နေပြည်တော် လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ လျှပ်စစ်အင်ဂျင်နီယာတစ်ဦး မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က တောင်ငူမြို့လယ်ခေါင်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သိရှိရသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် (၁၆) ရပ်ကွက် ကုန်သည်ကြီးလမ်းပေါ်ရှိ နာမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ဆိုင်အဝင်ပေါက်ဝတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်အထိုးခံရသူ အမျိုးသားမှာ တောင်ငူဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးမြင့်လွင်ဆိုသူဖြစ်ပြီး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၌နေထိုင်ပြီး တာဝန်ကျရာ နေပြည်တော် လျှပ်စစ်အင်ဂျင်နီယာမှူးရုံးတွင် အလုပ်လုပ်ကိုင်နေရာမှ အခင်းဖြစ်သည့်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ထိုင်ခုံတစ်ခုတွင်စားသောက်နေစဉ် အမည်မသိ အမျိုးသားတစ်ဦးက နောက်မှ ဓားဖြင့်လေးငါးချက်ခန့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ နယ်မြေရဲစခန်းမှ သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး အမည်မသိ အမျိုးသားအပေါ် တောင်ငူမြို့နယ်အမှတ်(၂)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းမှ သိရှိရသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက် နေအိမ်တစ်အိမ်ရှေ့တွင် အိမ်ခြံဂရံသက်တမ်းတိုးရန်ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေ တပ်တော်အရာရှိဟောင်းတစ်ဦးနှင့် ဇနီးဖြစ်သူတို့ လျှပ်စစ်ကြွေသီးဖြင့် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသေးသည်။

R-15