News

POST TYPE

NEWS

မိဘမဲ့ကလေးများကို လှူရန် မိတ္ထီလာတက္ကသိုလ်ကျောင်းသား/သူများထံမှ စာရေးကိရိယာများအလှူခံ
26-Mar-2019


ဓာတ်ပုံ - မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂ

မိတ္ထီလာ၊ မတ် ၂၆

မတ်လ(၂၆)ရက်နေ့ကကျင်းပသည့် မိတ္ထီလာတက္ကသိုလ်၏ စာမေးပွဲနောက်ဆုံးရက်တွင် စာမေးပွဲဖြေဆိုပြီး ပြန်လာကြသော ကျောင်းသား၊ ကျောင်းသူများထံမှ စာရေးကိရိယာများကို မိဘမဲ့ကလေးများနှင့် နွမ်းပါးသော ကလေးများထံသို့ ပြန်လည်မျှဝေနိုင်ရန် အလှူခံခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုမင်းထက်မြက်က ပြောကြားသည်။

ယင်းတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုပြီးချိန်တွင် ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ Correction Pen၊ ခဲဆံဘူး၊ အိတ်၊ ဂဏန်းပေါင်းစက်၊ ဒေါက်စူး၊ စက်ဝိုင်းခြမ်းစသောစာရေးကိရိယာများကို မျှဝေလှူဒါန်းခဲ့ကြသည်။

'' စာမေးပွဲဖြေဆိုပြီး သူတို့ဆက်လက်မသုံးတော့မယ့်ဟာလေးတွေကို အလှူခံတာပါ။ စုစုပေါင်းဆာလာအိတ်နဲ့ လေးအိတ်ခွဲလောက်ရတယ်။ ခန့်မှန်းခြေတန်ဖိုးက ရှစ်သိန်းဝန်းကျင်လောက် ရှိပါတယ်။ သက်ဆိုင်ရာ မိဘမဲ့ ကျောင်းအုပ်ကြီးတွေဆီကို တစ်ခါတည်းသွားလှူဖို့ရှိပါတယ် '' ဟု ကိုမင်းထက်မြက်က ပြောကြားသည်။

မိတ္ထီလာတက္ကသိုလ်တွင် ၂၀၁၈ နှစ်ကုန်ပိုင်းကလည်း အဝေးသင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျပ်ငါးသိန်းဝန်းကျင်ခန့်တန်ဖိုးရှိ ပိုလျှံစာရေးကိရိယာများကို ပထမဆုံးအကြိမ် အဖြစ်မျှဝေလှူဒါန်းခဲ့ဖူးကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်များထံမှ သိရသည်။

R-01