News

POST TYPE

NEWS

မန္တလေးတွင် သနပ်ခါးဈေးပွဲတော်ကျင်းပမည်
26-Mar-2019

မန္တလေး၊ မတ် ၂၆

မန္တလေးမြို့ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် ဒုတိယအကြိမ်မြောက် သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

ပြည်ပနိုင်ငံများမှ အလှကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ဈေးကွက်ထိုးဖောက်ဝင်ရောက်နေသောကြောင့် မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် သနပ်ခါးလိမ်းခြယ်၍ ဆင်ယင်ထုံးဖွဲ့တတ်သော မြန်မာအမျိုးသမီးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ယင်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးပြည့်ဖြိုးကျော်က ပြောကြားသည်။

“သနပ်ခါးဆိုတာ မြန်မာ့ ရတနာတစ်ပါးပါ။ မြန်မာတွေရင်ထဲမှာ ရှိပြီးသားပါ။ ရိုးရာသနပ်ခါးနဲ့ လှပနေတဲ့ အမျိုးသမီးတွေရဲ့အလှတရား ကမ္ဘာကလည်း သိစေချင်တယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းသနပ်ခါးပွဲတော်ကို မန္တလေးမြို့တွင် ကျင်းပပြီးပါက ရန်ကုန်နှင့် အခြားမြို့များတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း၊ သနပ်ခါး လှပျိုမေပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများကို ကျောက်တော်ကြီး ဘုရားဂေါပကအဖွဲ့ထံမှ ထုတ်ယူနိုင်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။

M-08