News

POST TYPE

NEWS

လူမျိုးစုကျေးရွာများကို စီးနင်းသတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် စစ်ဗိုလ်ချုပ်များကို သမ္မတထုတ်ပယ်
26-Mar-2019


ဘာမာကို၊ မတ် ၂၅

စနေနေ့က မာလီနိုင်ငံအလယ်ပိုင်းရှိ မွတ်ဆလင် ဖူလာနီမျိုးနွယ်များ နေထိုင်ကြသော အိုဂိုဆာဂိုနှင့်ဝီလင်ဂရာ ကျေးရွာများကို အရုဏ်မတက်မီ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ၁၃၄ ဦး သေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောဖြစ်ရပ်သည် မူလကတည်းက ပစ်မှတ်ထား တိုက်ခိုက်ခံနေရသော အသိုင်းအဝိုင်းများအား တုန်လှုပ်သွားစေခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။



ဒါနာအမ်ဘာဆာဂိုဟုခေါ်သော ဒိုဂွန်မျိုးနွယ်စုမှ စစ်သွေးကြွအဖွဲ့သည် စနေနေ့က တိုက်ခိုက်မှုအပါအဝင် ပြီးခဲ့သောနှစ်အတွင်းက တိုက်ခိုက်မှုများစွာ ကျူးလွန်မှုအတွက် ပြစ်တင်စွပ်စွဲခြင်း ခံနေရသည်။

မျိုးနွယ်စုများအကြားမှ အငြင်းပွားမှုများသည် မြေနှင့်ရေ ခွဲဝေမှုများနှင့် များသောအားဖြင့် ဆက်နွှယ်လေ့ရှိသော်လည်း မွတ်ဆလင်ဖူလာနီများကို ဂျီဟတ်အုပ်စုများက အားပေးနေသည်ဟု ဒိုဂွန်တို့က စွပ်စွဲလျက်ရှိပြီး ဖူလာနီတို့ကလည်း ဒိုဂွန်များကို မာလီစစ်တပ်က ထောက်ပံ့နေသည်ဟု ပြန်လည်စွပ်စွဲလျက်ရှိသည်။



မာလီနိုင်ငံအလယ်ပိုင်းတွင် အယ်လ်ကေဒါအုပ်စုက စစ်တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်သား ၂၃ ဦး ကျဆုံးခဲ့ရပြီးနောက် သီတင်းတစ်ပတ် မပြည့်သေးချိန်တွင် ယခုစီးနင်းသတ်ဖြတ်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့တွင် တပ်ချုပ် ဗိုလ်ချုပ်ကြီး အမ်ဘမ်ဘာ မူဆာကီတာနှင့် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဘ်ဒရာဟာမန်းဘာဘီတို့အပါအဝင် တပ်မှူးကြီး ၁၁ ဦးကို မာလီသမ္မတ အီဘရာဟင် ဘူဘာကာကီတာက ရာထူးမှ ထုတ်ပယ်လိုက်သည်။



ဒိုဂွန် ဒန်နန်အမ်ဘာဆာဂူ ပြည်သူ့စစ်အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီး လက်နက်များကို သိမ်းဆည်းလိုက်ပြီဟု ဝန်ကြီးချုပ် ဘူဘီယီမီဂါက ပြောကြားသည်။

မာလီအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ပြည်သူ့စစ်များက အရပ်သားများကို သတ်ဖြတ်နေမှုသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဟု Human Rights Watch က ဒီဇင်ဘာလတွင် သတိပေးချက် ထုတ်ပြန်ထားသည်။

မာလီတွင် ၂၀၁၃ ခုနှစ်က ပြင်သစ်ဦးဆောင်သော စစ်ဆင်ရေးဖြင့် အစ္စလာမ္မစ် အစွန်းရောက်အုပ်စုများကို မြို့ပြဒေသများမှ ကျေးလက်သို့ မောင်းထုတ်ခဲ့ရာ ထိုအဖွဲ့များက အုပ်စုပြန်ဖွဲ့ကာ မာလီစစ်တပ်၊ ပြင်သစ်တပ်နှင့် ကုလတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်သွေးကြွတပ်ဖွဲ့ဝင်များ မာလီ အလယ်ပိုင်းသို့ ရွှေ့ပြောင်းလာမှုသည် ရှိပြီးသား ဒိုဂွန် ဖူလာနီ တင်းမာမှုများကို ပိုဆိုးစေခဲ့သည်။ စနေနေ့က စီးနင်းသတ်ဖြတ်မှုကို ကုလသမဂ္ဂက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ 

ကုလလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ရေးကိစ္စများကို အာဏာပိုင်များနှင့် ဆွေးနွေးရန်အတွက် မာလီနိုင်ငံသို့ သောကြာနေ့ကတည်းက ရောက်ရှိနေသည်။

မာလီအစိုးရသည် ၂၀၁၅ ဇွန်လတွင် လက်နက်ကိုင်အုပ်စုအချို့နှင့် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးထားသော်လည်း ဥပဒေစိုးမိုးမှုမရှိသော နယ်မြေများတွင် ဂျီဟတ်အုပ်စုများက ဆက်လက်လှုပ်ရှား လျက်ရှိသည်။

ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဖရန်ကွိုက်စ်ဒယ်လာထရီက ငြိမ်းချမ်းရေး ရရှိရန် စစ်မှန်သော ပြန်လည်သင့်မြတ်မှုကို လိုအပ်သည်ဟု ပြောကြားသည်။ 

F-04



  • VIA