News

POST TYPE

NEWS

သင်္ကြန်ကာလ ယာဉ်စီးခပိုကောက်ခံပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အရေးယူမည်
26-Mar-2019

ရန်ကုန်၊ မတ် ၂၅

သင်္ကြန်ကာလအတွင်း ကားလက်မှတ်ခများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် သင်္ကြန်ကာလပိတ်ရက်များတွင် ပြည်သူအများစုသည် မိဘနေရပ်သို့ပြန်ခြင်း၊ ဘုရားဖူးသွားလာခြင်း၊ ခရီးသွားလာခြင်းများ ပြုလုပ်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သင်္ကြန်ကာလပိတ်ရက်များတွင် စားသုံးသူရေးရာ ဦးစီးဌာနသို့ ယာဉ်စီးနင်းခကို သတ်မှတ်နှုန်းထက် ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသည့်ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်များကို သတ်မှတ်နေရာသို့ ပို့ဆောင်မပေးခြင်း၊ ခရီးစဉ်ကို အချိန်နှင့် တစ်ပြေးညီ မထွက်ခွာခြင်း၊ ကြေညာထားသည့်နေ့ရက်၌ လက်မှတ်ဝယ်ယူ၍မရခြင်း စသည့်တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးရကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

သို့ဖြစ်၍ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေနှင့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် ပြည်သူများအနေနှင့် အထက်ပါကိစ္စများ ကြုံတွေ့ပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ယင်းဦးစီးဌာန၏ http://www.doca.gov.mm/ တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

“သင်္ကြန်ကာလမှာ ကားအစီးရေ တိုးပြေးသင့်တယ်လို့ထင်တယ်။ တစ်နှစ်တစ်ခေါက်မို့လို့သာပြန်ရတာ။ တစ်ခါမှ အဆင်ပြေပြေ မပြန်ခဲ့ရဖူးဘူး။ ပုံမှန်ဈေးနဲ့လည်း ဝယ်လို့မရဘူး။ တိုင်လို့ရတယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက်တော့ အရေးယူစေချင်တယ်” ဟု ရန်ကုန်မှ နယ်သို့ပြန်မည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် ကားလက်မှတ်ဝယ်ယူရာတွင် အဆင်ပြေစေရန်နှင့် လက်မှတ်ခများကို ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ဝယ်ယူ၍မရခြင်း၊ လက်မှတ်ခ ပိုမိုပေးဆောင်ရခြင်းများ မရှိစေရန် ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးဂိတ်များတွင် အသိပေးပြောကြားထားကာ လက်မှတ်ခကို ဈေးပိုရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

J-11