News

POST TYPE

NEWS

တနင်္သာရီတိုင်းအစိုးရအဖွဲ့ လစ်လပ်ဝန်ကြီးနေရာများကို တိုင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် အစားထိုးမည်
25-Mar-2019
ထားဝယ်၊ မတ် ၂၅

တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနေရာများတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် သုံးဦးအားခန့်အပ်ရန် ဝန်ကြီးချုပ်မှ အမည်စာရင်း ပေးပို့လာကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

ရေဖြူမဲဆန္ဒနယ်အမှတ် ၁ မှ ဦးလှထွေး၊ မြိတ်မဲဆန္ဒနယ်အမှတ် ၂ မှ ဒေါ်ရီရီချိုနှင့် တနင်္သာရီ မဲဆန္ဒနယ်အမှတ် ၁ မှ ဦးအောင်သူရတို့ကို လစ်လပ်ဝန်ကြီး သုံးဦးနေရာတွင် ခန့်အပ်ရန် ဝန်ကြီးချုပ်က အမည်စာရင်း ပေးပို့လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့တွင် ယခင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးမြင့်မောင်က ဝန်ကြီးချုပ်အသစ်ဖြစ်လာပြီး လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်နှင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ နုတ်ထွက်ခဲ့သည့်အတွက် ဝန်ကြီးနေရာ သုံးနေရာလစ်လပ်နေသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် ဦးအောင်သူရကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒေါ်ရီရီချိုအားလည်းကောင်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးလှထွေးအားလည်းကောင်း ဝန်ကြီးချုပ်က အမည်စာရင်း ပေးလို့လာကြောင်း တိုင်းလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြောကြားသည်။

လစ်လပ်ဝန်ကြီး သုံးနေရာအတွက် အမည်စာရင်း တင်သွင်းရန်အတွင် မတ်လ ၂၆ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး တတိယနေ့ကို ကျင်းပမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

ဝန်ကြီးချုပ်က တိုင်းလွှတ်တော်တွင် အမည်စာရင်း တင်သွင်းပြီးနောက် တိုင်းလွှတ်တော်တွင် အတည်ပြုခြင်း၊ အတည်ပြုလိုက်သည့် အမည်စာရင်းကို ဝန်ကြီးချုပ်ထံ ပြန်လည်ပေးပို့ခြင်း၊ ယင်းအမည်စာရင်းကို ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ တင်ပြခြင်း၊ နိုင်ငံတော်သမ္မတမှ ခန့်အပ်ခြင်းစသဖြင့် အဆင့်ဆင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။

“မတ်လ ၂၈ ရက်လောက်မှာ ဝန်ကြီးသုံးပါးကို ကျမ်းကျိန်ဖြစ်မယ်ထင်တယ်”ဟု ဦးမြင့်ဝေက ဆိုသည်။

တနင်္သာရီ တိုင်းဝန်ကြီးချုပ်အသစ် ဦးမြင့်မောင်အား တိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေး ပထမနေ့ဖြစ်သည့် မတ်လ ၂၂ ရက်တွင် အတည်ပြုခဲ့ပြီး အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် မတ်လ ၂၅ ရက်နေ့တွင် ကျမ်းကျိန်ခဲ့သည်။

Dawei Watch