News

POST TYPE

NEWS

လင်မယားချင်း စကားများရာမှ ရေနွေးပူဖြင့် ပက်ခံရသည့် အမျိုးသမီးသေဆုံး
25-Mar-2019

ရန်ကုန်၊ မတ် ၂၅

ဒလမြို့နယ်၊ စက်မြေရပ်ကွက်တွင် လင်မယားချင်း စကားများရာမှ ရေနွေးပူဖြင့် ပက်ခံရသည့် အသက် ၂၃ နှစ် အရွယ်အမျိုးသမီးမှာ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သောကြောင့် ခင်ပွန်းဖြစ်သူ အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီးမှာ မတ်လ ၁ ရက်နေ့က နေအိမ်တွင် အိုးခွက်ပန်းကန်များကို ဆေးကြောနေစဉ် ခင်ပွန်းဖြစ်သူ အသက် ၃၁ နှစ် စောလှဝင်း (ခ) ဂွတ်ဂွတ်သီးနှင့် စကားများရာမှ စောလှဝင်းက မီးဖိုပေါ်တွင် တည်ထားသည့် ရေနွေးပူအိုးဖြင့်ပက်ခဲ့သောကြောင့် ဇနီးဖြစ်သူမှာ အပူလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒလမြို့နယ် ဆေးရုံသို့ တင်ပို့ကုသမှုခံယူခဲ့ရသည်။

“လင်မယားချင်း စိတ်ဆိုးစကားများရာက အပူလောင်ဒဏ်ရာတွေ ရခဲ့ပေမယ့် အမှုဖွင့်တိုင်ကြားခြင်း မရှိခဲ့ဘူး။ ဒဏ်ရာရသူ အမျိုးသမီးရဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ လွှဲပြောင်းကုသမှု ခံယူခဲ့ပေမယ့် မတ်လ ၂၄ ရက် နံနက်ပိုင်းမှာ ဆုံးသွားရှာတာမို့ သေဆုံးသူ အမျိုးသမီးရဲ့မိခင်က တရားလိုပြုလုပ်ပြီး သားမက်ဖြစ်သူကို အရေးယူပေးဖို့ တိုင်ကြားခဲ့တာ”ဟု ရဲအရာရှိက ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စောလှဝင်းကို ရဲတပ်ဖွဲ့က မတ်လ ၂၄ ရက် ညပိုင်းတွင်ဖမ်းဆီးခဲ့ပြီး ဒလမြို့မ ရဲစခန်းမှ ၎င်းအား ပေါ့လျော့စွာ ပြုလုပ်မှုကြောင့် လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03