News

POST TYPE

NEWS

မွန်တွင် မြေလွတ် မြေရိုင်း အသုံးပြုခွင့် လျှေက်ထားမှု ဧကလေးရာကျော်ရှိ
25-Mar-2019

မော်လမြိုင်၊ မတ် ၂၅

မွန်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ရယူလုပ်ကိုင်လိုသူများ၊ အဖွဲ့အစည်းများအနေနှင့် တရားဝင် လျှောက်ထားရန် အကြောင်းကြားထားပြီးဖြစ်ရာ ခြောက်လအတွင်း မြေအသုံးပြုခွင့် ဧက ၄၀၀ ကျော်လျှောက်ထားကြောင်း မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရုံးထံမှ သိရသည်။

စိုက်ပျိုးရေးအတွက် လျှောက်ထားမှု၊ မွေးမြူရေးအတွက်နှင့် အခြားလုပ်ငန်းများအတွက် လျှောက်ထားသူ ၁၈ ဦးရှိပြီး စုစုပေါင်း ၄၃၀ ဒသမ ၂ ဧက လျှောက်ထားကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“လက်တစ်လောတော့ လျှောက်ထားတာပဲရှိတယ်၊ ခွင့်ပြုချက်ချထားပေးတာ မရှိသေးဘူး၊ မြို့နယ်ရုံးတွေမှာ ကန့်ကွက်လွှာ တင်နိုင်ကြောင်း ကြေညာထားတယ်၊ အမှုတွဲ စစ်ဆေးတဲ့အချိန်ပဲ ရှိသေးတယ်၊ မချပေးရသေးဘူး”ဟု ၎င်းကပြောဆိုသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်ပေးရန် လျှောက်ထားသည့် မြို့နယ်များအနက် ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက်၂၁၆ ဒသမ ၆၈ ဧက၊ အခြားလုပ်ငန်းလုပ်ကိုင်ရန် ၃၇ ဒသမ ၃၀ ဧက၊ သံဖြူဇရပ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းအတွက် ဧက ၁၀၀၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေး လုပ်ဆောင်ရန် ၆၆ ဒသမ ၃၀ ဧက၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် သုံည ဒသမ ၉၂ ဧက၊ ရေးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ကိုးဧက လျှောက်ထားကြောင်း မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရုံး၏ စာရင်းများအရ သိရသည်။

“မြေလွတ်မြေရိုင်းရှိတဲ့နေရာကို မြေပုံကြမ်းဆွဲရမယ်၊ မြေအမျိုးအစား မှန် မမှန် ကြည့်ရမယ်၊ တောရိုင်း၊ မြေရိုင်း ဟုတ်မဟုတ်ကြည့်ရမယ်၊ တောရိုင်း မြေရိုင်းက လယ်ယာမြေ စီမံခန့်ခွဲမှုနဲ့ ဆိုင်တယ်”ဟု ချောင်းဆုံမြို့နယ် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရုံး ဒုဦးစီးမှူး ဦးရဲဝင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ မြေဧက ၃၀၀ အောက်ကို ပြည်နယ်နှင့်တိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးအဖွဲ့တွင် လျှောက်ထားရမည်ဖြစ်ပြီး ဧက ၃၀၀ နှင့်အထက်ဖြစ်ပါက ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးအဖွဲ့သို့ ဦးတိုက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မြေအမျိုးအစား ၂၂ မျိုးအနက် တောရိုင်းမြေနှင့် မြေရိုင်းမြေများသာလျှင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအမျိုးအစားထဲ ပါဝင်ကြောင်း ၎င်းကရှင်းပြသည်။

ကျိုက်မရောမြို့နယ်တွင်သာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပေါများပြီး ချောင်းဆုံမြို့နယ်တွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ မရှိကြောင်း၊ လျှောက်ထားလိုသူများအနေနှင့် သက်ဆိုင်ရာမြို့နယ် မြေလွတ်မြေလပ်နှင့် မြေရိုင်စီမံခန့်ခွဲမှုရုံးများတွင် လျှောက်လွှာများ ရယူနိုင်ကြောင်း ဦးရဲဝင်းကပြောဆိုသည်။

R-21