News

POST TYPE

NEWS

ကာမစိတ်ကြွဆေးများလိုက်လံရောင်းချနေသူကို ဖမ်းမိ
25-Mar-2019

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်၊ (၃) ရပ်ကွက်၊ လှည်းတန်း (၂) လမ်းတွင် ကာမစိတ်ကြွဆေးများ လိုက်လံရောင်းချနေသည့် အမျိုးသားတစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၆၀ နှစ် ခင်မောင်မြင့်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက ကာမစိတ်ကြွဆေးများ လှည့်လည်ရောင်းချနေစဉ် လှည်းတန်း (၂) လမ်းအရောက် ရဲတပ်ဖွဲ့က ၎င်းအား ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သည်။ 

စစ်ဆေးချက်အရ ခင်မောင်မြင့်၏ ဘေးလွယ်အိတ်အတွင်းမှ အကြည်ရောင် ပလတ်စတစ်အိတ် အသေးဖြင့် ထည့်ထားသည့် Malegenix တံဆိပ်ပါ ကျားဟော်မုန်း အားတိုးဆေး (လိင်စိတ်ကြွဆေး) သုံးတောင့်စီပါ ၁၀ ထုပ်၊ BMW တံဆိပ်ပါ အဖြူရောင်လေးထောင့် သံဘူးအသေး ဖြင့်ထည့်ထားသည့် အမျိုးသားအင်္ဂါလိမ်း ဆေးဖန်ပုလင်း နှစ်ပုလင်းစီပါ သံဘူးနှစ်ဘူးနှင့် ငွေစက္ကူရောရာ ကျပ်သုံးသောင်း ရှစ်ထောင်ကို သိမ်းဆည်းရမိခဲ့သည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ခင်မောင်မြင့်ကို ကမာရွတ် မြို့မရဲစခန်းက (ပ) ၆၁၁/၂၀၁၉၊ အမျိုးသား ဆေးဝါးဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03