News

POST TYPE

NEWS

မြောက်ဦး တိန်ညိုရဲစခန်းမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
25-Mar-2019

စစ်တွေ၊ မတ် ၂၄

မြောက်ဦးမြို့နယ် တိန်ညိုစံပြကျေးရွာ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လှသည် မတ်လ ၂၃ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ အသေးစိတ်ကိုမူ ပြောဆို၍မရသေးကြောင်း ၎င်းက ရှင်းပြသည်။

တိန်ညိုစံပြကျေးရွာ စခန်းမှူးသည် အခင်းဖြစ်နေ့ ညနေပိုင်းအချိန်က စခန်းနှင့် ကိုက် ၁၀၀ ခန့်ကွာဝေးသည့် ထမင်းဆိုင်တွင်ရှိနေစဉ် သေနတ်သမားများ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့သဖြင့် နားထင်နှင့် ရင်အုံတွင် ကျည်ဒဏ်ရာများရရှိခဲ့ကာ မြောက်ဦးဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသည့် စခန်းမှူးအား AA က ၎င်းတို့၏ လုပ်ငန်းစဉ်များကို မနှောင့်ယှက်ရန် ဇန်နဝါရီလ ၆ ရက်နေ့က ကျည်ဆန်တစ်တောင့်နှင့် အသိပေးစာ တစ်စောင် ပေးပို့ခဲ့သေးသည်။

ယခင်ကတည်းက သတိပေးစာပေး ပို့ထားပြီးဖြစ်၍ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုသည် မည်သူ့လက်ချက်ဖြစ်သည်ကို သုံးသပ်နိုင်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

(AA) ရခိုင်လက်နက်ကိုင်အဖွဲ့၏ သတိပေးစာပေးပို့ခြင်းခံထားရသည့် တိန်ညိုစံပြ ကျေးရွာ ရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လှ လုပ်ကြံခံရခြင်းမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ငြင်းဆိုသည်။

ထိုသို့စာပေးပို့ခြင်းမှာ ရဲအုပ်ကျော်ကျော်လှအနေနှင့် ပြည်သူများကို နိုင်ထက်စီးနင်း လုပ်ဆောင်နေမှုများရှိနေ၍ နောက်နောင် ထပ်မံမပြုလုပ်ရန် အသိပေးခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ဒီကိစ္စဟာ ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှုမရှိ၊ သူလုပ်ကြံခံရတဲ့နေရာက လုံခြုံရေးထူထပ်တဲ့နေရာဖြစ်တယ်။ အဲဒီ နေရာမှာ တပ်ကလည်းရှိတယ်။ အဲဒီလိုနေရာ မျိုးမှာလုပ်ကြံခံရတယ်ဆိုတော့ ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိဘူး။ ကျွန်တော်တို့ စာပို့ထားတာကို အခွင့်ကောင်းယူပြီး လုပ်ကြံတာလည်းဖြစ်နိုင်တယ်”ဟု ခိုင်သုခက ရှင်းပြသည်။

အလားတူပင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းအချိန်ကလည်း မြေပုံမြို့နယ် စညှင်းကျေးရွာမှ ရာအိမ်မှူးဟောင်း ဦးမောင်တင်လည်း သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသေးရာ လက်ရှိတွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသူ ရှစ်ဦး ရှိသွားပြီဖြစ်သည်။ 

R-22