News

POST TYPE

NEWS

မန္တလေးတိုင်းတွင် သုံးရက်အတွင်း မီးခြောက်ကြိမ်လောင်
24-Mar-2019
မန္တလေး၊ မတ် ၂၄

နွေဦးရာသီအစ မတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ်ခြောက်ခု၌ မီးလောင်ကျွမ်းမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်မှုအဆင့် ၃ ရှိသည့်မီးလောင်မှုနှစ်ခုလည်း ပါဝင်ခဲ့သည်။

မန္တလေးမြို့ပေါ်မှ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်အတွင်းတွင် အဆင့်သုံးသတ်မှတ်ချက်ရှိ မီးလောင်မှုနှင့် ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာတွင် အဆင့်သုံးသတ်မှတ်ချက်ရှိ မီးလောင်မှုကြီးများ အပါအဝင် မတ်လ ၂၂ ရက်နေ့က မတ္တရာမြို့နယ်အတွင်းမှ ဆူးလေကုန်းကျေးရွာ၊ ကျောက်ဆည်မြို့နယ်မှ ဆူးလေကုန်းကျေးရွာတို့တွင် မီးလောင်မှုနှစ်ကြိမ်၊ ၂၃ ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာနှင့် သပိတ်ကျင်းမြို့နယ်ချောင်းကြီးကျေးရွာတို့တွင် သုံးကြိမ်နှင့် ၂၄ ရက်နေ့က မြင်းခြံမြို့နယ် စည်ပင်သာယာရပ်ကွက်အတွင်း တစ်ကြိမ် စုစုပေါင်းခြောက်ကြိမ်လောင်ကျွမ်းခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

မီးလောင်မှုများတွင် မီးဖြတ်စက်အပူလွန်ကဲခြင်း၊ ဆိုလာပြားဖြင့် အားသွင်းသည့် ဘတ္တရီအိုး အပူလွန်ကဲခြင်း၊ မီးအားမြှင့်စက် အပူလွန်ကဲခြင်းတို့ကဲ့သို့သော လျှပ်စစ်ကြောင့် မီးလောင်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပွားသည့် မီးလောင်မှုကြောင့် နေအိမ်ငါးလုံးပျက်ဆီးခဲ့သည့်အပြင် အိမ်နှစ်လုံးလည်း မီးအနည်းငယ်ဟပ်ခဲ့ပြီး ကျပ်သိန်း ၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ ပုသိမ်ကြီးမြို့နယ်မှ မီးလောင်မှုကြောင့် နေအိမ်ငါးလုံးနှင့် ပံမျှော်စင်နှစ်ခုတို့ ပျက်ဆီးခဲ့ပြီး ကျပ် ၁၁ သိန်းနီးပါးဆုံးရှုံးခဲ့ရကြောင်း တိုင်းမီးသတ်တပ်ဖွဲ့က ခန့်မှန်းထားသည်။

မီးလောင်မှုစတင်ဖြစ်ပွားရာ နေအိမ်များမှ တာဝန်ရှိသူများကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် မြို့မရဲစခန်းတို့တွင် မီးပေါ့ဆမှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04



  • VIA