News

POST TYPE

NEWS

အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်နှင့်ပတ်သက်၍ သံသယရှိသူ ၁၀ ဦးကို ဂျာမန်စုံထောက်များ ဖမ်းဆီး
24-Mar-2019



ဘာလင်၊ မတ် ၂၃

ကားနှင့် သေနတ်များ အသုံးပြုကာ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှ အစိုးရ စုံထောက်များက ပြောကြားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့အစောပိုင်းက ဖရန့်ဖတ်ဧရိယာအတွင်း စီးနင်းဖမ်းဆီးမှုတွင် ရဲအရာရှိ ၂၀၀ ပါဝင်ခဲ့သည်။

“ဖြစ်လာနိုင်ခြေရှိတဲ့ တိုက်ခိုက်မှု အစီအစဉ်ကို စောစောစီးစီး အချိန်မီ တားဆီးဖို့အတွက် ရဲတွေက စီးနင်းထိန်းသိမ်းလိုက်တာပါ”ဟု ဟက်ဆီပြည်နယ် ပြည်ထဲရေးဝန်ကြီး ပီတာဘုသ်က ပြောကြားသည်။

တရားခံများသည် အသက် ၂၀ နှင့် ၄၂ နှစ်ကြားဖြစ်ကြပြီး ဖရန့်ဖတ်၊ အော့ဖန်းဘတ်ခ်ျ၊ ဝိုင်းစ်ဘေဒင်နှင့် မိန့်ဇ်ဧရိယာများတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရှိရသည်။ ၎င်းတို့ မည်သည့် လူမျိုးများဖြစ်သည်ဆိုသော အသေးစိတ် အချက်များကိုမူ မထုတ်ပြန်သေးပေ။ 

အဓိကတရားခံမှာ အော့ဖန်းဘတ်ခ်ျမှ အသက် ၂၀ အရွယ် အမျိုးသားနှင့် ဝိုင်းစ်ဘေဒင်မှ ၃၁ နှစ်အရွယ် ညီအစ်ကို နှစ်ဦးဖြစ်ပြီး ဒေသခံ အစ္စလာမ္မစ် ဆာလာဖစ်အသိုင်းအဝိုင်းနှင့် ဆက်စပ်သူများဖြစ်သည်။ ၎င်းတို့အားလုံး ဂျာမနီနိုင်ငံသားများဖြစ်သည်။

ဟက်ဆီပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း အစ္စလာမ္မစ် ၄၁၇၀ ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ရာ ဆာလာဖစ်အသိုင်းအဝိုင်းမှ ၁၆၅၀ ဦး ပါဝင်သည်။

ကနဦးစစ်ဆေးမှုများအရ ၎င်းတို့သည် အစ္စလာမ်ဘာသာ မကိုးကွယ်သူများကို တတ်နိုင်သမျှ သတ်ဖြတ်ရန်အတွက် မော်တော်ကားတစ်စီးနှင့် သေနတ်များကို အသုံးပြုရန် စီစဉ်နေကြပြီး ကားတစ်စီး ငှားရမ်းထားကာ လက်နက်ရောင်းသူများ နှင့်ဆက်သွယ်နေသည့်အပြင် ရန်ပုံငွေ စုဆောင်းနေသည်ဟု သိရှိရသည်။

စီးနင်းဖမ်းဆီးမှုများအတွင်း ယူရိုငွေ ၂၀,ဝ၀၀ ကျော်၊ ဓားအမြောက်အမြား၊ မူးယစ်ဆေးဝါး အနည်းငယ်နှင့် စာရွက်စာတမ်းများ၊ ဒစ်ဂျစ်တယ် အထောက်အထားများကို ရဲများက သိမ်းဆည်း ရမိခဲ့သည်။

သံသယရှိ တရားခံများကို ဖရန့်ဖတ်ခရိုင် တရားရုံးရှေ့မှောက်တွင် သောကြာနေ့ မွန်းလွဲပိုင်းက ရုံးထုတ် စစ်ဆေးခဲ့ပြီး အကြမ်းဖက်ဝါဒအတွက် ရန်ပုံငွေစုဆောင်းမှု၊ ရာဇဝတ်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုများဖြင့် စွဲချက်တင်ထားသည်။

မကြာသေးမီလပိုင်းများအတွင်း ဂျာမနီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်အတော်များများကို ရဲက ဖော်ထုတ်နိုင်ခဲ့ပြီး အလားတူ စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ 

F-04