News

POST TYPE

NEWS

ဆိုင်ကလုန်းအိုက်ဒေးအလွန် ကယ်ဆယ်ရေးအေဂျင်စီများ အချိန်နှင့်အပြိုင် နွှဲနေရ
24-Mar-2019

မာပူတို၊ မတ် ၂၃

မိုဇမ်ဘစ်နိုင်ငံတွင် ဆိုင်ကလုန်း အိုက်ဒေးကြောင့် သေဆုံးမှုနှုန်းသည် သောကြာနေ့က ၆၀၀ အထိ ရောက်ရှိ လာခဲ့ပြီး များစွာပိုမိုထိခိုက်နိုင်သည့် အခြေအနေရှိနေသည်ဟု ကယ်ဆယ်ရေး အေဂျင်စီများက သတိပေးလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် သီတင်းတစ်ပတ်ကြာလာချိန်အထိ မိုဇမ်ဘစ်နိုင်ငံ လူနေထူထပ်သောဒေသများကို ရေလွှမ်းမိုးလျက်ရှိသောကြောင့် မုန်တိုင်းဘေးမှ အသက်ရှင်ကျန်ရစ်သူများမှာ ရောဂါဘယနှင့် ငတ်မွတ်မှုအန္တရာယ်ကို ရင်ဆိုင်နေရပြီး ၎င်းတို့အတွက် အချိန်သိပ်မကျန်တော့ကြောင်း ကယ်ဆယ်ရေးအေဂျင်စီများက ပြောကြားသည်။

“ကျွန်မတို့ အချိန်နဲ့ အပြေးပြိုင်နေရတယ်။ ဒီမှာ တကယ့်ကို သေရေးရှင်ရေးပဲ”ဟု ယူနက်စကို အကြီးအကဲ မစ္စဟန်ရီ ရက်တာက ပြောကြားသည်။ သန့်ရှင်းမှုနှင့် ဘေးကင်းသောသောက်ရေက လုံးဝ ဦးစားပေး အရေးကြီးနေသည်ဟု သူမက သတိပေးသည်။

“ဒီမှာလျှံနေတဲ့ရေတွေက မစီးတော့ဘူး။ ပုပ်ပွနေတဲ့ အလောင်းတွေလည်း ပါဝင်နေတယ်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သန့်ရှင်းမှုမရှိတော့ဘူး။ ရေသေရေပုပ်တွေ ဖြစ်တဲ့အတွက် ကာလဝမ်းရောဂါနဲ့ ငှက်ဖျား ရောဂါတွေ ကူးစက်မှာကို ကျွန်မတို့ စိုးရိမ်နေရပြီ”ဟု သူမက ရှင်းပြသည်။

လူထောင်ပေါင်းများစွာသည် နေထိုင်ရန် မသင့်တော်သော ယာယီစခန်းများတွင် စုပြုံခိုလှုံနေကြရပြီး အရေအတွက် သိန်းဂဏန်းရှိသော ကလေးများမှာ အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ယူနီဆက်က ထုတ်ပြန်ထားသည်။

မိုဇမ်ဘစ်နိုင်ငံ၏ လူနေထူထပ်သော ဒေသတွင် ၇၈ မိုင်ကျယ်ပြန့်သော ရေပြင်ကြီးဖြစ်လာသည်အထိ ရေကြီးနေမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု ယုံကြည်ရပြီး နောက်ထပ်အရေအတွက် များစွာမြင့်တက်လာဖွယ် ရှိနေသည်။

မုန်တိုင်းဘေးသင့်ဒေသများ၏ အစာငတ်မွတ်မှု ဘေးအန္တရာယ်သည် ယီမင်၊ ဆီးရီးယား၊ တောင်ဆူဒန်နိုင်ငံများကဲ့သို့ အရေးပေါ် အဆင့်သုံးဖြစ်သည် ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ကြေညာသည်။

ထိုကဲ့သို့ အရေးပေါ်အခြေအနေတွင် အိမ်ခေါင်မိုးများနှင့် သစ်ပင်များပေါ်မှ ကယ်ဆယ်ရရှိသော အသက်ရှင်သူများ မရှိသလောက်ဖြစ်ကြောင်း မိုဇမ်ဘစ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဌာနက ပြောကြားသည်။

လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းများသည် ပြဿနာအတိုင်း အတာနှင့် နှိုင်းယှဉ်လျှင် မဖြစ်စလောက် ဖြစ်နေသည်ဟု ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ၏ အတွင်းရေးမှူး အယ်လ်ဟာ့ခ်ျအက်ဆီက ပြောကြားသည်။

“အခြေအနေကတော့ တကယ်ကို ကြောက်ခမန်းလိလိပဲ။ ပြောပြဖို့ စကားလုံးတောင် ရှာမရဘူး။ စာသင်ခန်း ၁၅ ခန်းနဲ့ အိမ်သာ ၆ ခန်းပဲရှိတဲ့ ကျောင်းမှာ လူသုံးထောင် ခိုလှုံနေရတယ်။ ရေနဲ့ သန့်ရှင်းမှုစနစ်ဆိုတဲ့ ချိန်ကိုက်ဗုံးပေါ်မှာ ထိုင်နေရတယ်ဆိုတာကို မြင်ယောင် ကြည့်လိုက်ပေတော့”ဟု အက်ဆီက ပြောကြားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပံ့မှုများ တိုးမြှင့်ပေးကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းလျက်ရှိသည်။ 

F-04