News

POST TYPE

NEWS

ပြည်ခိုင်ဖြိုး ပျော်ဘွယ်အမတ်ကို အာမခံပေးထားမှု ခရိုင်တရားရုံး အတည်ပြု
23-Mar-2019

ရန်ကုန်၊ မတ် ၂၃

နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားရင်ဆိုင်နေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်အား အာမခံဖြင့် တရားရင်ဆိုင်ခွင့်ပြုရန်၊  တရားခွင်အတွင်း အမှုနှင့် တိုက်ရိုက် မသက်ဆိုင်သည့် ဦးဝီရသူအကြောင်း မေးမြန်းမှုကို ခွင့်မပြုရန် ဆုံးဖြတ်ခဲ့သည့် ပျော်ဘွယ်မြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက်ကို ရမည်းသင်းခရိုင် တရားရုံးက ယနေ့ ထပ်မံအတည်ပြုလိုက်သည်။

မန္တလေးတိုင်းလွှတ်တော်၊ ပျော်ဘွယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးတင်စိုးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပျော်ဘွယ်မြို့နယ် ကြက်တည်ကျေးရွာ၌ ကျင်းပသည့် ဟောပြောပွဲတစ်ခုတွင် အစိုးရကို အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ၊ ဘာသာရေးနှင့် လူမျိုးရေးကိစ္စများ၊ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင် ဟောပြောသည့်ကိစ္စများ ပါရှိသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရမည်းသင်းခရိုင် ဒုဥက္ကဋ္ဌ ဦးညီညီလွင်က တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ရင်ဆိုင်နေရသည့် ဦးတင်စိုးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ရုံးချိန်းတွင် ကျန်းမာရေးအကြောင်ပြချက်ဖြင့် သိန်း ၁၀၀ တန် အာမခံ လျှောက်ထားခဲ့ရာ ပျော်ဘွယ်မြို့နယ်တရားရုံးက လက်ခံခဲ့သည်။

မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီး အာမခံရုပ်သိမ်းပေးရန် တရားလိုဘက်က လျှောက်ထားမှုကို ရမည်းသင်းခရိုင်တရားရုံးက ယနေ့တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ပြည်ခိုင်ဖြိုးအမတ်၏ ရှေ့နေက အမှုကို ကိုင်တွယ်ကြားနာနေသည့် ပျော်ဘွယ်မြို့နယ် တရားရုံး၏ တရားခွင်အတွင်းတွင် ဦးဝီရသူအကြောင်း မေးမြန်းမှု ပယ်ချခံရသည့်အတွက် မကျေမနပ်ဖြစ်ကာ ယင်းမေးခွန်းကို မေးခွင့်ပြုရန် ရမည်းသင်းခရိုင်တရားရုံးကို လျှောက်ထားခဲ့သော်လည်း ခရိုင်တရားရုံးက ပယ်ချခဲ့သည်။

ဖေဖော်ဝါရီလအတွင်း ဦးတင်စိုး၏ ရှေ့နေက မြို့နယ်တရားရုံး တရားခွင်တွင် “ဦးဝီရသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ဖြစ်တာကို သိပါသလား”ဟူသော မေးမြန်းချက်ကို တရားလိုရှေ့နေက ကန့်ကွက်ခဲ့ပြီး တရားသူကြီးကလည်း မေးခွင့်မပြုခဲ့ပေ။ ထိုသို့ကန့်ကွက်ပိတ်ပင်ခံရသည့်အတွက် ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဘုန်းကြီးများအပေါ် တရားဟောခွင့်ပိတ်ပင်တားမြစ်ထားသည်ဟု ဦးတင်စိုး၏ရှေ့နေ ပြောကြားချက်နှင့်ပတ်သက်ပြီး အပြန်အလှန် အငြင်းပွားရာမှ ထိုမေးခွန်းကို မေးခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ရှေ့နေက ပြောကြားသည်။

“ဘုန်းကြီးတွေကို တရားပွဲ ပိတ်တယ်၊ မပိတ်ဘူး အငြင်းပွားတဲ့ကိစ္စမှာ သူတို့က မပိတ်ဘူးတဲ့။ အဲ့ဒါနဲ့ ဒီဘက်က ဦးဝီရသူဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးဖြစ်တယ်ဆိုတာ မှန်သလားဆိုတဲ့ မေးခွန်းလေး မေးတာ၊ အဲ့ဒါလေး အောက်ရုံးက မေးခွင့်မပြုလို့ တက်တာပါခင်ဗျ”ဟု တရားလွှတ်တော်ရှေ့နေ ဦးစံထွန်းကဆိုသည်။

ထိုမေးခွန်းသည် အမှုနှင့်မသက်ဆိုင်သည့်အတွက်ကြောင့် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ပြောကြားသည်။

“ဘာရည်ရွယ်ချက်နဲ့ မေးတယ်ဆိုတာတော့ မသိဘူးပေါ့နော်။ အမှန်တော့ ဒီအမှုနဲ့မဆိုင်ဘူး။ မမေးသင့်တဲ့မေးခွန်းမို့ ကန့်ကွက်တာ ရုံးကလည်း လက်ခံတယ်။ အဲ့ဒါကိုမကျေနပ်လို့ သူတို့က အယူခံတက်တာ အခုခရိုင်က အောက်ရုံးရဲ့အမိန့်က အတည်ပြန်ပြုတယ်ဆိုတော့ အဲ့ဒီမေးခွန်းကို မေးခွင့်မပြုဘူးဆိုတဲ့ သဘောပေါ့”ဟု ၎င်းကဆိုသည်။

မတ်လ ၂၉ ရက်နေ့တွင် အမှုကို ပျော်ဘွယ်တရားရုံးတွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

ဝင်းနန္ဒာ (Myanmar Now)