News

POST TYPE

NEWS

အမှုထမ်းသက်ကျော်လွန်ထမ်းဆောင်၍ ငွေပြန်ဆပ်ရမည့် ဆရာမကို တပ်မတော်က ကျပ် ၇၈ သိန်းကူညီ
23-Mar-2019


မန္တလေး၊ မတ် ၂၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အမှုထမ်းသက် ကျော်လွန်သည်အထိ တာဝန်ထမ်းဆောင်၍ ပိုထုတ်ထားသည့် လစာငွေများ ပြန်ပေးရမည့်အရေးနှင့် ရင်ဆိုင်နေရသူ အလယ်တန်းပြဆရာမ ဒေါ်မာမာမြင့်ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကျပ် ၇၈ သိန်းပေးအပ်ခဲ့ကြောင်း ကာယကံရှင် ဆရာမထံမှ သိရသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဆရာမထံ လာရောက်ပေးအပ်ခဲ့သည်။

“ပညာရေးဝန်ထမ်းတစ်ယောက် သူ့တိုင်းထဲမှာ ဒီလိုဖြစ်နေတာ မကြည့်ရက်ဘူး။ စိတ်ချမ်းသာအောင်နေပါ။ ဒါလေးနဲ့ အဆင်ပြေအောင် လုပ်လိုက်ပါ။ ပင်စင်ခံစားပါ”ဟု အလယ်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးပြောကြားခဲ့သည်ကိုကိုးကား၍ ဆရာမ ဒေါ်မာမာမြင့်က ပြန်လည်ပြောကြားသည်။

ပင်စင်ခံစားခွင့် ဥပဒေတွင် လျော်ကြေးငွေမည်သို့ပေးချေရန် သတ်မှတ်ထားသည်ကိုသိရှိရမှသာ ပညာရေးဌာနထံ လျော်ပေးမည်ဖြစ်ပြီး တိုင်းမှူးလှူဒါန်းခဲ့သောငွေများကို ခေတ္တသိမ်းဆည်းထား၍ မတ်လ ၂၅ ရက်နေ့တွင် တိုင်းပညာရေးမှူးနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ်လေ ကိုယ့်လုပ်အားခလေးတော့ မျှော်လင့်မိတယ်”ဟု ဆရာမ ဒေါ်မာမာမြင့်က ဆိုသည်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်မာမာမြင့်သည် အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ် (က) တွင် ၎င်း၏မွေးသက္ကရာဇ်မှာ ၁၉၅၅ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့ဖြစ်၍ ၂၀၁၅ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့တွင် သက်ပြည့်ပင်စင်ခံစားရမည်ဖြစ်သော်လည်း အမှုထမ်းစာအုပ်တွင်မူ၎င်း၏ မွေးသက္ကရာဇ်သည် ၁၉၅၉ ခုနှစ် ၇ လပိုင်း ၁၄ ရက်နေ့ဖြစ်သည့်အတွက် လက်ရှိကာလအထိ တာဝန်ထမ်းဆောင်နေခြင်းကြောင့် အမှုထမ်းသက်လွန်ကာလမှာ ၃ နှစ်နှင့် ၇ လ လစာပိုထုတ်ထားငွေ ကျပ် ၇,၈၁၄,၆၁၃ ဒသမ ၂၃ ကျပ်(ကျပ် ၇၈ သိန်းကျော်) ကို ပြန်လည်ပေးသွင်းရန် အကြောင်းကြားထားကြောင်း ယင်းကျောင်းအုပ်ကြီး၏ မတ်လ ၅ ရက်နေ့က ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

ဆရာမ ဒေါ်မာမာမြင့်သည် ၁၉၈၂ ခုနှစ်တွင် ပညာရေးလောကသို့ဝင်ရောက်ကာ မန္တလေးတိုင်း မြစ်သားမြို့နယ် ရန်အေးကျေးရွာ အခြေခံကျေးရွာမူလတန်းကျောင်း၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ လတ်တလော ဆရာမ ဒေါ်မာမာမြင့်သည် မန္တလေးမြို့ ၇၁ လမ်း၊ ၂၇လမ်းနှင့် ၂၈ လမ်းကြားတွင် နေထိုင်လျက်ရှိသည်။

M-01၊ M-08