News

POST TYPE

NEWS

တရားရုံး၌ အမှုရင်ဆိုင်နေစဉ် ထွက်ပြေးသူနှင့် လာစောင့်နေသူတို့ကို ဖမ်းမိ
23-Mar-2019

မိတ္ထီလာ၊ မတ် ၂၃

မန္တလေးတိုင်း မိတ္ထီလာမြို့ ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသော အချုပ်သား တစ်ဦးကို မတ်လ ၂၁ ရက် နေ့လည် ၂ နာရီခွဲခန့်က ရုံးထုတ်ပြီးထွက်လာစဉ် ထွက်ပြေးခဲ့ပြီး ၎င်းကို လာရောက်စောင့်ဆိုင်းနေသူတို့ကို ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများထံမှ သိရသည်။

'' ကျွန်တော်က ဒီနားမှာထိုင်နေတာ။ ဖမ်းပါဟ ဖမ်းပါဟလို့ ဟိုဘက်ကနေ လှမ်းအော်လိုက်တော့ ကျွန်တော် လိုက်ဖမ်းတယ်။ ကျွန်တော်က အင်္ကျီလှမ်းဆွဲတော့ အဲဒီကောင်က အင်္ကျီချွတ်ခဲ့တာ။ ဒီကောင်က ကားထဲကိုအဝင်မှာ ကျွန်တော်က ကားတံခါးကို ဒူးနဲ့ပိတ်ထားတာ။ ကားပေါ်မှာ တစ်ဝက်က ရောက်နေပြီ။ တံခါးနဲ့ ညပ်နေတာ။ အဲဒီမှာ ရဲတပ်ဖွဲ့က ဝင်ပြီးတော့ လက်ထိပ်ခတ်တာ " ဟု ယင်းသို့ ဖမ်းဆီးရာတွင် ပါဝင် ကူညီခဲ့သော အသက် ၄၀ အရွယ်အမျိုးသားက ရှင်းပြသည်။

ဖြစ်စဉ်မှာ မိတ္ထီလာခရိုင် တရားရုံးအချုပ်မှ ရုံးထုတ်စစ်ဆေးပြီးသော အချုပ်သား ကျား(၂၀)ဦး၊ မ(၄)ဦးတို့ကို တရားရုံးအချုပ်မှ မိတ္ထီလာအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် နှစ်ယောက်တစ်တွဲ လက်ထိပ်သံကြိုးချည်နှောင်လျက် ရဲအင်အား(၁၇)ဦးဖြင့် လုံခြုံရေးဆောင်ရွက်ကာ အချုပ်ကားပေါ်တင်နေစဉ် မိတ္ထီလာခရိုင်တရားသူကြီး(၂)ရုံး မူး/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉(က)ဖြင့် တရားရင်ဆိုင်ဆဲ အချုပ်သား မျိုးခိုင်ဇော်(ခ)မျိုးခန့်ဇော်(၄၆ နှစ်)သည် ၎င်း၏ လက်ယာလက်နှင့် တွဲခတ်ထားသော လက်ထိပ်ကို ဆောင့်ဖြုတ် ရုန်းကန်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တရားရုံးရှေ့ ဝင်ပေါက်လမ်းပေါ်တွင် အသင့်ရပ်ကာ စောင့်ဆိုင်းနေသော ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ကြည်ခိုင်(၄၄ နှစ်)မောင်းနှင်သည့် Mark II ကားနောက်ခန်းသို့ ပြေးတက်စဉ် လုံးထွေးသတ်ပုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါအချုပ်သားထွက်ပြေးသည့်အမှုတွင် ပါဝင်ပတ်သက်နေသူများကို မိတ္ထီလာမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၂၄/၂၂၅ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-01