News

POST TYPE

NEWS

မြင်စိုင်းမြို့ဟောင်းအနီးရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းနေရာ ရွှေ့ရမည်
23-Mar-2019

မန္တလေး၊ မတ် ၂၃

မြင်စိုင်းမြို့ဟောင်းအနီး စိတ္တဂုတ္တလိုဏ်ဂူအနီးမှ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို နေရာပြောင်းရွှေ့ ထုတ်လုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရှေး/သု)ထံမှ သိရသည်။

ထိုလုပ်ငန်းများ၏ တုန်ခါမှုများကြောင့် မြင်စိုင်းမြို့ဟောင်းရှိ နံရံဆေးရေးပန်းချီများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့နှင့် ဆက်သွယ်ညှိနှိုင်းထားချက်အရ မူလကျောက်ထုတ်လုပ်နေသည့် ရွှေဥမင်တောင် အရှေ့ဘက်လုပ်ကွက်သည် နံရံပန်းချီရှိသည့် စိတ္တဂုတ္တလိုဏ်ဂူနှင့် ခန့်မှန်းပေ ၁၇၅၀ ခန့်ကွာဝေး နေရာတွင်ရှိနေရာမှ ပေ ၆၀၀၀ အကွာ တွင်ရှိသည့် လုပ်ကွက်အသစ်နေရာသို့ပြောင်းရွှေ့ထုတ်လုပ်ရမည်ဟုသဘောတူထားပြီးဖြစ်ကြောင်း ရှေး/သု၏ ထုတ်ပြန်ချက်အရ သိရသည်။

မြင်စိုင်းမြို့ဟောင်းအနီး စိတ္တဂုတ္တလိုဏ်ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ရေရှည်တည်တံ့ရေးအတွက် ရှေး/သုမှ မတ်လ ၉ ရက်နေ့မှစတင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ယင်းနံရံဆေးရေး ပန်းချီများ နှစ်ကာလကြာမြင့်ခြင်း၊ မိုးရေစိမ့်ဝင်ခြင်း၊ လူများ၊ လင်းနို့၊ တောက်တဲ့နှင့် အခြား အင်းဆက်ပိုးမွှားများနှင့် ဂူဝန်းကျင်တွင် တုန်ခါမှုများရှိခြင်းတို့ကြောင့် အင်္ဂတေလွှာ ကွာဟမှုများဖြစ်ပေါ်ခဲ့ရ၍ မူလအင်္ဂတေနှင့် အနီးစပ်ဆုံးဖန်တီးဖော်စပ်၍ ကျောက်သားမျက်နှာပြင်နှင့် အင်္ဂတေလွှာအကြား တွဲကပ်မှု အားကောင်းစေရန် Grouting ထိုးသွင်းခြင်း၊ မြေအင်္ဂတေပွသည့် နေရာများ ကြံ့ခိုင်ဆေး ထိုးခြင်း၊ အနားသတ် ကြားသိပ်ခြင်း၊ ဓာတုဗေဒဆေးဝါးဖြင့် သံမှိုများဖယ်ရှားခြင်းစသည့် အရေးပေါ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြင်စိုင်းမြို့ဟောင်းကို ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ရှေးဟောင်းနေရာ တည်ရှိရာဇုန်(AZ)၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်(PZ)၊ ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန်(MZ)ဟူ၍ သတ်မှတ်ခဲ့သည်။

M-05