News

POST TYPE

NEWS

ရိုးမဘဏ်က သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီ Kargo ကို အပေါင်မဲ့ချေးငွေပေးအပ်
23-Mar-2019

ရန်ကုန်၊ မတ် ၂၃

ရိုးမဘဏ်က အွန်လိုင်းစနစ်ဖြင့် ကုန်စည်ဖြန့်ဖြူးသယ်ယူပို့ဆောင်မှု ဝန်ဆောင်မှုကုမ္ပဏီ Kargo ကို အသေးစား၊ အလတ်စားလုပ်ငန်းသုံး အပေါင်ပစ္စည်းမဲ့ချေးငွေ ဝန်ဆောင်မှုအသစ် ပေးအပ်လိုက်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

အပေါင်ပစ္စည်းမဲ့ချေးငွေဝန်ဆောင်မှု သဘောတူညီချက်ကို မတ်လ ၁၁ ရက်နေ့က ရိုးမဘဏ်နှင့် Kargo ကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးလိုက်ပြီး ကနဦးချေးငွေပမာဏမှာ ကျပ်သိန်း ၂၀၀၀ ဖြစ်ပြီး Kargo ၏ လုပ်ငန်းတိုးတက်မှုအပေါ်မူတည်၍ ချေးငွေပိုမိုရရှိနိုင်မည်ဖြစ်သည်။

ယင်းချေးငွေဖြင့် Kargo သည် ကုန်တင်ကားယာဉ်မောင်းများကို ဝန်ဆောင်လုပ်အားခပေးချေခြင်းကို တစ်နေ့တည်းတွင် ပေးချေနိုင်မည်ဖြစ်ပြီး ငွေတောင်းခံလွှာများကိုလည်း ပိုမိုစီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

“အပေါင်ပစ္စည်းမဲ့ချေးငွေဆိုတာ လုပ်ငန်းရဲ့ဝင်ငွေ၊ ထွက်ငွေနဲ့လည်ပတ်မှုအပေါ်မူတည်ပြီး ထုတ်ချေးတဲ့ ချေးငွေအမျိုးအစားတစ်ခုဖြစ်တာကြောင့် အသေးစားလုပ်ငန်းတွေအတွက် ပထမဆုံးပံ့ပိုးပေးတဲ့ ချေးငွေအမျိုးအစားဖြစ်ပါတယ်” ဟု ရိုးမဘဏ် CEO Hal Bosher က ပြောကြားသည်။

Kargo သည် ကုန်ပစ္စည်းဖြန့်ဖြူးမှုကို ခြေရာခံနိုင်သည့်စနစ်ဖြင့် တစ်နိုင်ငံလုံးကို ကုန်တင်ယာဉ်မောင်း ၂၀၀၀၊ ကုန်စည်လမ်းကြောင်း ၅၀၀၀ ကျော်အသုံးပြုကာ ကုန်ပစ္စည်းဖြန့်ဖြူးပေးနေသည့် အွန်လိုင်းစနစ်သုံး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည်။

J-11