News

POST TYPE

NEWS

အကျပ်အတည်းဆိုက်နေသည့် ကွန်ဂို မြို့တော်သစ်တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့
22-Mar-2019



ကင်ရှာဆာ၊ မတ် ၂၁

ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ပိုင်းရှိ လူဦးရေတစ်သန်းနီးပါး နေထိုင်သော ဒုတိယအကြီးဆုံးမြို့တော် ဘူနီယာတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုထုတ်ပြန်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

လူနာမှာ ခြောက်လအရွယ် ကလေးငယ်ဖြစ်ပြီး မိဘများမှာမူ ကျန်းမာရေး ကောင်းမွန်နေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ကလေးငယ်ထံ ဗိုင်းရပ်စ် မည်သို့ကူးစက်ခဲ့သည်ကို သိရှိရန် ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

ဗိုင်းရပ်စ်ကူးစက်သော ကလေးငယ် အရေအတွက် အလွန်နည်းသည်ဟု လူထုကျန်းမာရေးအာဏာပိုင်များက မှတ်တမ်းတင်ထားသည်။ 

အီဘိုလာဗိုင်းရပ်စ်သည် ပိုးကူးစက်ထားသောသွေးနှင့် ခန္ဓာကိုယ်အရည်များမှတစ်ဆင့် များသောအားဖြင့် ကူးစက်လေ့ရှိသောကြောင့် အဆိုပါကလေးများသည် မိခင်နို့ သို့မဟုတ် ပိုးကူးစက်ထားသော မိဘများနှင့် လက်ပွန်းတတီးနေထိုင်မှုမှ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

ကွန်ဂိုနိုင်ငံသည် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဒုတိယအကြိမ် ကြုံတွေ့နေရပြီး ဩဂုတ်လနောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ် အဆိုးဝါးဆုံး ကူးစက်ပျံ့နှံ့မှုမှာ ၂၀၁၃ နှင့် ၂၀၁၆ အကြား အနောက်အာဖရိကတွင် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁,ဝ၀၀ ကျော် သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။

အရေးပေါ် ကုသရေးအဖွဲ့များသည် ဒေသတွင်း လုံခြုံရေး ဆိုးဝါးမှုနှင့် ကျန်းမာရေးစီမံချက်အပေါ် ရပ်ရွာ၏ ငြင်းဆန်မှုများကြောင့် ခက်ခဲသောကာလကို ကြုံတွေ့နေရသည်။ အီဘိုလာဗိုင်းရပ်စ် ကုသရေးဌာနများသည် သေနတ်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး နယ်စီးမထား ဆရာဝန်များ MSF ၏ လှုပ်ရှားမှုများကို ရပ်ဆိုင်းသွားစေခဲ့သည်။

အီဘိုလာဗိုင်းရပ်စ်သည် ရှားပါးပြီး အန္တရာယ်ကြီးလွန်းသော ကူးစက်ရောဂါပိုးဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း ၉၀ ရာခိုင်နှုန်းရှိသည်ဟု WHO က ပြောကြားထားသည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ ပြင်းထန်စွာအားယုတ်ခြင်း၊ အော့အန်ခြင်းတို့ဖြစ်သည်။ ရောဂါလက္ခဏာ မပေါ်မီ အစပျိုးသည့်ကာလမှာ နှစ်ရက်မှ ၂၁ ရက်အထိ ကြာမြင့်တတ်သည်။ 

F-04