News

POST TYPE

NEWS

မန်းသင်္ကြန်မဏ္ဍပ်လေလံကြေး ယခင်နှစ်ကထက်လျော့
21-Mar-2019


မန္တလေး၊ မတ် ၂၁ 

ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ရေကစားမဏ္ဍပ်ကြီးများအတွက် အိတ်ဖွင့်လေလံတင် ရောင်းချရရှိငွေပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ကျပ်သိန်း ၅၀၀ ကျော် လျော့နည်းကြောင်း ယင်းမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခင်နှစ် လေလံပွဲတွင် ရေကစားမဏ္ဍပ်နေရာ ၁၀ ခုအတွက် ကျပ်သိန်း ၁၂၀၀ ကျော်ရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျုံးအနောက်ဘက်ရှိ မဏ္ဍပ်နေရာ ၇ ခု အတွက် ကျပ်သိန်း ၇၀၀ ကျော်သာ ရရှိခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မဏ္ဍပ်ဆောက်လုပ်လိုသူများက ကျုံးအရှေ့ဘက်ကို စိတ်ဝင်စားကြပြီး အရှေ့ဘက်အခြမ်းတွင် လမ်းလျှောက်သင်္ကြန် တိုးချဲ့လိုက်သည့်အတွက် လေလံကြေးလျော့နည်းမည်ကို ခန့်မှန်းထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“လေလံကြေးရရှိတာထက် မြို့သူမြို့သားနဲ့ အနယ်နယ် အရပ်ရပ်က လာတဲ့သူတွေကို စနစ်တကျ စည်းကမ်းရှိတဲ့နေရာတွေ ငွေကုန်ကြေးကျ သက်သာစွာဖြင့် ပျော်စေချင်တာပါ”ဟု ၎င်းကဆိုသည်။

မဏ္ဍပ်များ တည်ဆောက်ရာတွင် လေလံပါ စည်းကမ်းချက်များအတိုင်း လိုက်နာရန်နှင့် မဏ္ဍပ်များတွင် မူးယစ်ဆေးဝါးနှင့် အခန်းများ ထားရှိမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရှောင်တခင် ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း ဦးကျော်ဇောအောင်က ပြောကြားသည်။

ယခုနှစ် မန်းသင်္ကြန်အတွက် ကျုံးအနောက်ဘက်နှင့် မြောက်ဘက်၌ ရေကစားမဏ္ဍပ် ၂၇ နေရာအတွက် မတ်လ ၂၁ ရက်နေ့က လေလံပွဲပြုလုပ်ခဲ့ရာ အနောက်ဘက်ရှိနေရာ ၁၇ ခုအတွက် လေလံကြမ်းခင်းဈေး ကျပ်သိန်း ၁၀၀ နှင့် အနောက်ဘက်နေရာများကို ကျပ်သိန်း ၈၀ သတ်မှတ်၍ လေလံဖွင့်ခဲ့သော်လည်း အနောက်ဘက်ရှိ မဏ္ဍပ်နေရာ ၇ ခုကိုသာ လာရောက်လေလံဆွဲသူရှိခဲ့သည်။

လေလံပွဲသို့ လာရောက်သူ အများစုက ရေကစားမဏ္ဍပ် ဆောက်လုပ်သူများသည် ကုန်ကျစရိတ် မြင့်မားလာခြင်း စပွန်ဆာကြော်ငြာရရှိမှု နည်းပါးခြင်းနှင့် လေလံကြေး မြင့်မားမှုတို့ကို ထောက်ပြပြောဆိုခဲ့ကြသည်။

ယခုနှစ်တွင် ကျုံးအနောက်ဘက်ရှိ နံပါတ် ၁ မဏ္ဍပ်နေရာသည် ကျပ် ၁၀၁ သိန်းကျော်ဖြင့် လေလံဈေး အများဆုံးရခဲ့ပြီး ယမန်နှစ်က ကျုံးအရှေ့ဘက်နေရာအတွက် လေလံဈေး ကျပ် ၂၈၆ သိန်းကျော်ဖြင့် လေလံဈေး အများဆုံးရရှိခဲ့သည်။

M-08