News

POST TYPE

NEWS

ဘယ်လဂျီယံနိုင်ငံသူထံမှ ကျောပိုးအိတ်ကို လုယူပြေးသည့် အမျိုးသားကိုဖမ်းမိ
21-Mar-2019

ရန်ကုန်၊ မတ် ၂၁

ရှမ်းပြည်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် စက်ဘီးဖြင့်သွားလာနေသည့် ဘယ်လဂျီယံနိုင်ငံသူထံမှ ကျောပိုးအိတ်တစ်လုံးကို လုယူထွက်ပြေးသည့် အမျိုးသားကို မတ်လ ၂၀ ရက် နံနက်အစောပိုင်းက အေးသာယာမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၂၃ နှစ် မျိုးသန့်မှာ ညောင်ရွှေမြို့တွင် နေထိုင်သူဖြစ်ပြီး မတ်လ ၁၉ ရက် ညနေပိုင်းက ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်အတွင်းရှိ Zawgi Inn တည်းခိုခန်းမှ ညောင်ဖြူကျေးရွာရှိ ကော်ဖီခြံသို့ စက်ဘီးစီးနင်းလာသော ဘယ်လဂျီယံနိုင်ငံသူ၏ ကျောပိုးအိတ်တစ်လုံးကိုဆွဲလုယူပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“ဘယ်လဂျီယံနိုင်ငံသူက သူ့အမျိုးသားနဲ့အတူ စက်ဘီးကိုယ်စီနင်းပြီး ကော်ဖီခြံကိုသွားနေချိန်မှာ လုယက်မှု ကျူးလွန်သူက ဆိုင်ကယ်နဲ့ အနောက်က လိုက်လာပြီး စက်ဘီးရှေ့ခြင်းထဲမှာရှိတဲ့ ကျောပိုးအိတ်ကို လုယူထွက်ပြေးသွားတာ။ လိုက်လံစုံစမ်းရာက ပြစ်မှုကျူးလွန်သူကို အေးသာယာမြို့က ဟိန်း တည်းခိုခန်းမှာ ဖမ်းဆီးရမိခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လုယူသွားသည့် ကျောပိုးအိတ်အတွင်းတွင် ပတ်စ်ပို့စာအုပ်တစ်အုပ်၊ iPhone  တစ်လုံး၊ ကင်မရာတစ်လုံးနှင့် ယူရိုငွေ ၇၀၊ အခြား အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြီး ဖမ်းဆီးရမိသူ မျိုးသန့်ကို ညောင်ရွှေမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03